နောင်ခမ်းကျောင်းတိုက် ပဓာနနာယက ကျောင်းထိုင်ဆရာတော် (ပအိုဝ်း) ဘဒ္ဒန္တပညာဝံသ ဈာပန(ဓာတ်ပုံ bwarsara.blogspot.com) |
Monday, 14 November 14, 2011 | သျှမ်းသံတော်ဆင့်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ချန့်မွယ့်အုပ်စုရှိ နောင်ခမ်းကျောင်းတိုက် ပဓာနနာယက ကျောင်းထိုင်ဆရာတော် (ပအိုဝ်း) ဘဒ္ဒန္တပညာဝံသ ပျံလွန်တော်မူခြင်း ရက် ၁၀၀ ပြည့်သည့်အလျောက် အန္တိမ အဂ္ဂိဈာပနပူဇော်ပွဲကို ယခုလ နောက်ဆုံးအပတ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ဆရာတော်က သြဂုတ်လ ၈ ရက်နေ့မှာ ပျံလွန်တော်မူတယ်။ ဒီလ ၂၈ ရက်နေ့မှာ ရက် ၁၀၀ ပြည့်လေ။ အဲဒါကြောင့် ဆရာတော်ရဲ့တပည့် ဒကာတွေကနေ ဈာပန မီးသင်္ဂြိုလ်ပွဲ ကျင်းပပေးမှာ။ ဆရာတော်ရဲ့ နောင်ခမ်းကျောင်းတိုက်မှာဘဲ အလှူအတန်းလုပ် ရေစက်ချမယ်။ မီးသင်္ဂြိုလ်တာ ကတော့ ဟိုင်ယားသုဿာန်မှာပါ” ဟု ဆရာတော်၏ တပည့်ဒကာတဦးက ပြောသည်။
၂၅ ရက်နေ့ ဆရာတော်၏ ရုပ်အလောင်းအား သံဃာတော်အပါး ၂၀ မှ အသုဘရှုတရားဟောကြားတော်မူပေးခြင်း၊ ၂၆ ရက် ဆရာတော်၏ ရုပ်ကလာပ်အား နိဗ္ဗာန်ယာဉ်ပေါ်တင်ခြင်း၊ ၂၇ ရက် နောင်ခမ်းကျောင်းတော်၌ ရေစက်ချ အမျှပေးဝေကာ ညနေပိုင်း ဟိုင်ယားသုဿာန်သို့ ရုပ်ကလာပ် ပင့်ဆောင်မီးသင်္ဂြိုလ်ခြင်း၊ ၂၈ ရက် မနက်ပိုင်းမှ အရိုးတော်ကောက်ယူခြင်းအား ပအိုဝ်းဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာဖြင့် ဆွမ်းသွတ်အစီအစဉ် တဆက်တည်းကျင်းပသွားမည်ဖြစ်ကြောင်း ဆရာတော်၏ ဈာပနအခမ်းအနား ဖိတ်ကြားလွှာ၌ ပါရှိသည်။
ဆရာတော် ဘဒ္ဒန္တပညာဝံသသည် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ် ဟိုနမ်းကျေးရွာ ဇာတဖြစ်၏ ထိုင်းနိုင်ငံသို့ ကိုယ်ရင်ဘ၀ကတည်းက ပြောင်းရွှေ့နေထိုင်ပြီး သက်တော် ၅၈ ၀ါတော် ၃၇ ၀ါ၌ ပျံလွန်တော်မူသည်။
No comments:
Post a Comment