ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်တရပ်သို့ ရောက်ရှိရန်အတွက်

By အောင်စိုးစံ | စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၁ | တောင်ကြီးတိုင်းမ်

လွတ်လပ်ရေးကြိုးပမ်းမှုကာလသည် ယနေ့တိုင်အောင် ပြည်ထောင်စုမြန်မာနိုင်ငံ၌ တပြည်လုံးအတိုင်း အတာဖြင့်သော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း သေနတ်သံများ စဲသည်ဟူ၍ မရှိခဲ့ပါ။ စက်မက်ဖြစ်ပွားရာဒေသများတွင် စစ်ဘေးစစ်ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်း၊ လုယက်သတ်ဖြတ်ခံရခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း စသည့်ကြမ်းဖက် နှိပ်ကွက်မှု နည်းမျိုးစုံကြောင့် လူထုများ ဒုက္ခပင်လယ်ဝေခဲ့ရပါသည်။ စက်မက်ထူပြောမှုကြောင့် စစ်အာဏာရှင်များ ကြီးစိုးချယ်လှယ်နိုင်ခဲ့ကြပြီး နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဖက်ဖက်မှ ချွတ်ခြုံကျကာ နိုင်ငံတ၀ှမ်းလုံးတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ခံစားလာရပါသည်။

သယံဇာတနှင့် တောတောင်ရေမြေများ အလွဲသုံးစားဖြုံးတည်းခြင်း ခံခဲ့ရသကဲ့သို့ ပြည်ထောင်စု၏ အသဲနှလုံး မြစ်မင်းဧရာဝတီ၏ ကံကြမ္မာသည်လည်း နိဂုံးခန်းရောက်ရန် လက်တလုံးသာ လိုပါတော့သည် ဆိုသော် အခြေအနေဆိုက်နေရသည်။ ဒေသတွင်း တိုင်းပြည်များနှင့် နှိုင်းယှဉ်လျှင် အပြတ်အသတ် ခေတ်နောက်ကျကျန်ရစ်ခဲ့ပါပြီ။ တိုင်းပြည် စတင်ဖွဲ့စည်းတည်ဆောက်စဏ်ကတည်းက အမှန်တရားနှင့် တရားမျှတမှုကို အခြေခံခြင်းမပြုခဲ့ကြသည့်အတွက် ငြိမ်းချမ်းသာယာ ၀ပြောသော လူ့ဘောင်အဖြစ်နှင့် ဝေးသထက် ဝေးကွာလာရပါသည်။

ပြည်ထောင်စုစတင်ဖွဲ့စည်းကတည်းကပင် နိုင်ငံ၏အမည်ကို လူမျိုးတမျိုး၏အမည်ဖြင့် အစွဲပြု သတ်မှတ်ခြင်းမှာ အုပ်စိုးသူအရှင်သခင်လူမျိုးအဖြင့် သရုပ်ဟန်ထင်ထင်ရှားရှား ဖေါ်ဆောင်နေသည်။ ၁၉၄၇၊ ၁၈၇၄၊ ၂၀၀၈ ခုနှစ်အခြေခံဥပဒေ သုံးခုစလုံးမှာလည်း မြန်မာကြီးစိုးရေးကို အခြေခံသော ဖွဲ့စည်းပုံများဖြစ်သကဲ့သို့ ၁၉၄၇ နှင့် ၂၀၀၈ တို့သည်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပျက်ကွက်မှုများစွာ ပါရှိသည်ဟု ပညာရှင်များထောက်ပြဝေဖန်ခဲ့ကြသည်။ လူမျိုးစုံပြည်သူအပေါင်းတို့ မှာလည်း လက်တွေ့ဘ၀၌ ခံစားလာရပြီး ခံစားနေရဆဲပင်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးအသီးသီး၏ နယ်မြေများဖြင့် စုစည်းတည်ဆောက်ထားသည်ဖြစ်သည့်အလျှောက် လူမျိုးတိုင်းသည် အမျိုးသားနိုင်ငံရေး၌ တန်းတူရည်တူ ရှိကြပြီး ကိုယ်ပိုင်ပြဌာန်းခွင့်လည်း ရှိကြမှသာ တရားမျှတနိုင်ပါမည်။ ဤသို့ တန်းတူရည်တူ ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် လက်တွဲနေထိုင်ကြမည်ဟု မြန်မာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ကယားခေါင်းဆောင်တို့ ကတိက၀တ်ပြု လက်မှတ်ရေးထိုးကြပြီး လွတ်လပ်ရေး ရယူလာခဲ့ကြပါသည်။

သို့သော်လည်း လူမျိုးရေးအရ လွမ်းမိုးလိုသော မြန်မာစစ်ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ အဆက်ဆက်တို့က ကတိက၀တ်ကို ချိုးဖေါက်ပြီး မြန်မာတို့ကြီးစိုးသော အတုအယောင် ပြည်ထောင်စု စနစ်နှင့် အမည်ခံပြည်ထောင်စုစနစ်ကိုသာ အင်အားသုံး၍တမျိုး၊ ပရိယာယ်ပလီပလာဖြင့်တဖုံ တည်ဆောက်လာခဲ့ကြသည်။ သခင်မျိုးဟေ့ ဒို့ဗမာ၊ ဒို့ဗမာစိုးမိုးရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး ဇာတိသွေး ဇာတိမာန် ရှင်သန်ထက်မြက်ရေး စသဖြင့် ခေတ်အဆက်ဆက် ဆောင်ပုဒ်များ ကြွေးကြော်သံများ ရေလဲသုံး၍ မြန်မာစိုးမိုးရေး စိတ်ဓာတ် မြင့်မားခိုင်မြဲလာအောင် လှုံ့ဆော်ပေး ခဲ့ကြသလို စည်းမျဉ်းဥပဒေများလည်း သတ်မှတ်ပြဌာန်းခဲ့ ကြပါသည်။ သိသာထင်ရှားသော မော်ကြွားထောင်လွားမှုကို ပြသည်က နေပြည်တော်ဆိုသည်ကို တည်ဆောက်ပြီး အနော်ရထာ၊ ဘုရင့်နောင်၊ ဦးအောင်ဇေယျကဲ့သို့ စစ်ဘုရင်များ၏ ရုပ်တုများကို ဂုဏ်ယူဝင့်ကြွားတည်ထားသည့် အပြင် တာချီလိတ်နှင့် ကော့သောင်းမြို့များတွင် တဖက်နိုင်ငံကို ကျူးကျော်တော့မည်ဟန် ဘုရင့်နောင် ရုပ်တုများသည် တိုင်းရင်းသား အချင်းချင်းများသာမက တဖက်နိုင်ငံအပေါ်တွင်လည်း မထေမဲ့မြင် ပြုသည့် စစ်ခေါင်းဆောင်တို့၏ အတွင်းစိတ်သဏ္ဍာန်ကို ဖေါ်ညွန်းနေပါသည်။

ကြီးကျယ်မြင့်မြတ်မှုကို တိုင်းတာရာ၌ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ဟောကြား တော်မူခဲ့ပုံကို မှတ်သားခဲ့ရဖူးပါသည်။ “လူတို့စိတ်တွင် အခံဓာတ်အနေဖြင့် မြင့်မြတ်သောသဘာဝနှင့် ယုတ်ညံ့သောသဘာဝဟူ၍ ရှိပြီးဖြစ်သည်။ လူနှင့်တိရိစ္ဆာန်၏ခြားနားချက်မှာလည်း မြင့်မြတ်သော သဘာဝ၌ မူတည်၍ ယင်းသည်ပင် လူနှင့်တိရိစ္ဆာန်ကွာခြားခြင်းဖြစ်သည်။ သို့ဖြစ်၍ လူ့သဘာဝ အစစ်မှာ မြင့်မြတ်သောသဘာဝဖြစ်သည့် တရားမျှတမှု၊ ကတိသစ္စာတည်ကြည်မှု၊ မေတ္တာ ဂရုဏာ မုဒိတာတရားတို့ကို ကျင့်သုံးစောင့်ထိန်းခြင်းဖြစ်သည်ဟု ဆိုပါသည်။

လောဘကို အားပေး၍ မတရားပြုကျင့်ခြင်း ဒေါသကို အားပေး၍ တပါးသူကို နှိပ်စက်ခြင်း မာနကိုအားပေး၍ တပါးသူတို့ကို ပြိုင်ခြင်း နှိပ်ချခြင်းတို့သည် ယုတ်ညံ့သော သဘောဖြစ်ပြီး တိရိစ္ဆာန်တို့၏ သဘာဝ အစစ်အမှန် ဖြစ်သည်။” ဟူ၍ ဖြစ်ပါသည်။ ရိုးသားဖြူစင်သော စိတ်ထားအရင်းခံနှင့် ခံစားသုံးသပ်ကြည့်ပါက ဤသည်ပင် အမှန်တရားဖြစ်ပြီး ဘာသာတိုင်းကလည်း ဤကဲ့သို့ ဟောကြားသွန်သင်သည်ဟု နားလည်ရပါသည်။ မြန်မာစစ်ခေါင်းများနှင့် အစိုးရအဆက်ဆက်တို့ ဂုဏ်ယူကျင့်သုံးနေကြပြီး ကိုယ့်လူမျိုးတခုလုံးအပေါ် သက်ဝင်ခံယူလာအောင် ချမှတ်ကျင့်သုံး လှုံ့ဆော်ပေးနေသော အမျိုးသားရေးဝါဒသည် မြင့်မြတ်သော ဘူသဘာဝအစစ်အမှန်ဟုတ်၏ မဟုတ်၏ သတိပြုဆင်ခြင်၍ ပဒေသရာဇ်ရေစီးကြောင်း အတွေးအခေါ်မှ လမ်းခွဲသင့်ပြီဟု ဆိုချင်ပါသည်။

ပြည်ထောင်စု မပြိုကွဲစေလိုလျှင် ခွဲထွက်လိုသော ဆန္ဒဖြစ်ပေါ်မလာအောင် တရားမျှတမှန်ကန်မှုအပေါ် အခြေခံရပါမည်။ ထိုးနည်းတူ လူမျိုးခွဲများနှင့် ဖွဲ့စည်းပါဝင်သော ပြည်နယ်များမှာလည်း ပြည်နယ်များခွဲထွက်ထူထောင်မှု မပြုစေလိုလျှင် အချင်းချင်းကြားတွင် တရာမျှတမှုနှင့် ချစ်ခင်လေးစားမှု ပွားများကြဖို့ရန် လိုအပ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ “ခွဲမထွက်ချင်အောင် လုပ်ပြရမှာက ကျွနိုပ်တို့မြန်မာတို့၏တာဝန်၊ ခွဲထွက်ဖို့ မထွက်ဖို့က တိုင်းရင်းသားတွေရဲ့ အဆုံးအဖြတ်ဖြစ်ပါတယ်” ဆိုသောစကားသည် လူသားဆန်သော နှလုံးသားမှ မြင့်မြတ်သော သဘောဆန္ဒဖြစ်ပြီး အလွန်တရာ လေးစားကြည်ညိုအပ်ပါသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်စေလိုလျှင် တိုင်းရင်းသားလူမျိုးအားလုံး တန်းတူရည်တူနှင့် အပြန် အလှန် ချစ်ခင်ယုံကြည်မှုအပေါ် အခြေခံပြုဖို့ရန် လိုအပ်ပါမည်။ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ အဖွဲ့အစည်းများအချင်းချင်းကြားတွင် အစိတ်စိတ်အမွှာမွှာဖြစ်အောင် သတ်လျှိုသွေးခွဲပြီး မြန်မာ လူမျိုးက အထက်ကနေ အားလုံးကိုချုပ်ကိုင်စုစည်းထားသော စည်းလုံးမှုသည် ညီညွတ်မှု အစစ်အမှန် မဟုတ်သည့် မြင့်မြတ်သောလူ့သဘာဝ၏ ဆန့်ကျင်ဘက်တရားမျှသာ ဖြစ်ပါသည်။

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေလိုလျှင် တိုင်းပြည်အာဏာ၏ မူလပိုင်ရှင်ဖြစ်သော လူမျိုးစုံ ပြည်သူလူထုတရပ်လုံး၏ ဆန္ဒအစစ်အမှန်ကို အာမခံပေးနိုင်မည့် အခြေခံဥပဒေတရပ်နှင့် ယင်းအခြေခံဥပဒေကို သစ္စာရှိစွာ စောင့်ထိန်းနိုင်မည့် စစ်မှန်သော ပြည်ထောင်စုတပ်မတော်တရပ် ဖွဲ့စည်းထူထောင်နိုင်ရပါမည်။ ပြည်ထောင်စုတပ်မတော်အား တစုံတယောက် (သို့) အဖွဲ့အစည်းတရပ် (သို့) လူမျိုးတမျိုးမှ ချယ်လှယ်အသုံးချ၍ နိုင်ငံတော်အာဏာကို အလွဲသုံးစားပြုနိုင်ခြင်းမရှိစေရန် အနာဂတ်ပြည်ထောင်စုတပ်မတော် ခေါင်းဆောင်ပိုင်းဖြစ်လာမည့် ဗိုလ်လောင်းများအား လူမျိုးစု ပြည်နယ်များ အညီအမျှခေါ်ယူသော စနစ်ဖြစ်လည်းကောင်း၊ လူမျိုးစုကိုယ်စားပြုတပ်မတော်များ အင်အားထိန်းညှိပါဝင်၍လည်းကောင်း ဖွဲ့စည်းသင့်ပါသည်။

နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းဖြစ်ရယူထားသော စစ်ခေါင်းဆောင်များသည် အရပ်ဝတ်လဲ၍ ဒီမိုကရေစီလိုလားသော အစိုးရဟု ကြွေးကြော်လာကြသော်လည်း နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်ဖြင့် ဖြေရှင်းခြင်းမပြုပဲ အပစ်ရပ် ရှမ်း၊ ကချင် ငြိမ်းအဖွဲ့များကို ကျူးကျော်ရန်စမှုများ လုပ်လာပြီး ရှမ်းနှင့် ကချင်ပြည်သူလူထုအပေါ် ထိုးစစ်ဆင် နှိပ်ကွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။ တော်လှန်ရေးနယ်မြေများ၌ ပြုလုပ်နေကြအတိုင်း ရွာရွှေ့ပြောင်း မီးရှို့၊ အထမ်းသမားနှင့် မိုင်းရှင်း ကိရိယာ လူသားဒိုင်းကာအဖြစ်လူထုကို အဓမ္မစေခိုင်းကြသည့်အပြင် တိုက်ပွဲဖြစ်ပွားရာ အနီးအနား ရွာများကို လက်နက်ကြီးများဖြင့် တမင်သက်သက်ပစ်ခတ်ခြင်း၊ ရွာဝင်၍သတ်ဖြတ်လုယက် အုပ်စုလိုက်အဓမ္မပြုကျင့်ကြသည့်အထိ ရန်းကားနေကြသည်။ နယ်မြေခံတပ်များဆိုလျှင် အလွယ် တကူ နောက်တမ်းယူပြန်နိုင်သောကြောင့် အိုးခွက်ပန်းကန်နှင့် ရှမ်းမထမီတပတ်ရစ်၊ ပအိုဝ်းမခြေပတ် ခတ်သစ်သစ်တွေ ချမ်းသာမပေးကြသည့် လုပ်ရပ်များဖြင့် အမျိုးဂုဏ် ဇာတိဂုဏ်များ ပြသခဲ့ကြ ပါသည်။

ယင်းကဲ့သို့ လူမဆန်သည့် ရာဇာဝတ်မှုများကို စစ်လက်နက်သဖွယ်အသုံးချ နှိပ်ကွက်ကြသော်လည်း အမျိုးသားလွတ်မြောက်ရေးအတွက် ဘ၀အသက်သွေးချွေးတို့ ပေးစပ်စတေးရန် သံဓိဋ္ဌာန်ခိုင်မာသည့် ရှမ်း၊ ကချင်တပ်မတော်နှင့် ပြည်သူလူထုတို့၏ ပြောင်မြောက်သော ခုခံစစ်ကြောင့် စစ်အာဏာရှင်တို့ အကြပ်တွေ့ သွေးပျက်ခဲ့ရသည်။ မဟုတ် မမှန်လုပ်ကြံ ဇာတ်ခင်း၍ တော်လှန်ရေးတပ်မတော်နှင့် လူထုအကြား အထင်အမြင်လွဲမှားအောင် သွေးခွဲလုပ်ဆောင်မှုများ ဖန်တီးလုပ်ဆောင်လာခဲ့သည်။ တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းများကြား သတ်လျှို ဖြိုခွဲနိုင်ရေးအတွက် တဖွဲ့ချင်းစီဆွေးနွေးရန် ကမ်းလှမ်းလာပြီး ကွဲပြားသည့် အပေးအယူများ အခွင့်အရေးများဖြင့် တဖွဲ့ချင်းစီသော်လည်းကောင်း၊ တဖွဲ့တည်းအတွင်း၌သော်လည်းကောင်း စိတ်ဝမ်းကွဲ၍ ချည့်နှဲ့လာစေမည့် ယခင်နည်းလမ်းဟောင်းကို ကျင့်သုံးလာပြန်ပါသည်။

အသွင်ပြောင်းအစိုးရ၏ သမ္မတ ဦးသိန်းစိန်နှင့် ၀န်ကြီးဦးကျော်ဆန်းတို့မှ ကချင်အမျိုးသား တော်လှန်ရေးအဖွဲ့အစည်း (KIA/KIO) တို့အား နှိပ်ချပုတ်ခတ်ပြောဆိုလျှက် ငြိမ်းချမ်းရေးစကားကို ဆိုလာကြပါသည်။ ၎င်းတို့ ပြောသော ၂၀၀၈ အခြေခံဥပဒေနှင့် ဒို့တာဝန်အရေးသုံးပါး ဘောင်အတွင်းမှ ဆောင်ရွကမည့်ငြိမ်းချမ်းရေးသည် လူမျိုးစုံပြည်သူလူထုတရပ်လုံးအား၊ ထားရာ နေစေရာသွားပြီး ပြုသမျှ နုကြရမည့် ရာသက်ပန်ကျွန်ပြုရေးပင်ဖြစ်ပါသည်။ တပါးသူ၏ လက်အောက်တွင် ကျွန်ဘ၀ဖြစ် ရေဘုံပေါ်၌ အသက်ရာကျော်နေရသည်ထက် တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက် တော်လှန်ရင်း သေရခြင်းက မြင့်မြတ်သည့်ဟူသော ထုံးနှလုံးမူ၍ အမျိုးသာသာတည်တံ့ရေးအတွက် တိုက်ပွဲဝင်ကြရမည်သာဖြစ်ပါသည်။ အမှန်တရားနှင့် တရားမျှတမှု အပေါ်အခြေခံ၍ အနှစ် ၆၀ ကျော် ခုခံတွန်းလှန်ခဲ့ကြသော ကျွန်ုပ်တို့တော်လှန်စစ်ကြောင့် သာမာန် မြန်မာလူထုများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ စာနာထောက်ခံအားပေးသံတို့ ကြားလာရပါပြီ။ ခိုင်မြဲတည်ကြည်သော ညီညွတ်မှုဖြင့် တိုက်ပွဲခေါ်သံတိုင်းတွင် တသွေးတသံတည်းဖြစ်ကြရေးသည် အောင်ပွဲအတွက် အသက်သွေးကြောပင် ဖြစ်ကြောင်း တင်ပြလိုပါသည်။

သမ္မတဦးသိန်းစိန်၏ သြဂုတ်လ ၁ ရက်နေ့မိန်းခွန်း နိဂုံးပိုင်းမှာ အလွန်တရာ နှာပျော်ဖွယ် သင်းပျံ့ချိုမြလှပါသည်။ “ကျွန်တော်တို့ ဒီရိုးသားတဲ့ စိတ်စေတနာရှိသည့်လူတိုင်းဟာ ကိုယ်နိုင်ငံကို ချစ်ကြပါတယ်။ ကိုယ့်နိုင်ငံကို ကောင်းစားစေလို ကြပါတယ်။ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေလိုကြပါတယ်။ အဲဒီတော့ ကိုယ့်နယ်မြေ ကိုယ့်တိုင်းပြည် ကိုယ့်ဆွေမျိုး အသိုင်းအ၀ိုင်းကို ခင်တွယ်ကြပါတယ်။ အဲဒီတော့ ငြိမ်းချမ်းသာယာဝပြောတဲ့ လူ့ဘောင်အဖွဲ့ အစည်းကြီးကို ထူထောင်လိုကြပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးရဲ့ တူညီတဲ့ ဆန္ဒဖြစ်ပါတယ်။” ဆိုပြီး နိဂုံးချုပ်မှာ “အဲဒီတော့ ကျွန်တော်တို့ သားစဉ်မြေးဆက်အတွက် ကောင်းမွန်တဲ့ အမွေခံကောင်းတွေ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကောင်းတွေကို တည်ဆောက်သွားကြဖို့ လိုအပ်ပါတယ်” လို့ လွမ်းလောက်အောင် ချွေပြသွားခဲ့ပါတယ်။

မြင့်မြတ်သော လူသားဆန်သည့် စိတ်ရင်းစေတနာအမှန်ဖြင့် မိန့်ကြားခဲ့သည်ဆိုပါလျှင် နာကျင် ခံစားနေရသော ဝေဒနာများကြောင့် ပြည်သူလူထုများ တောင်းဆိုနေကြသည့် လက်ငင်းပြဿနာ ဖြစ်သော
၁) တိုင်းရင်းသားနယ်မြေများတွင် အင်အားသုံး တိုက်ခိုင်နေခြင်းများ ရပ်ဆိုင်းပြီး တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာ၍ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုရန်လိုပါမည်။
၂) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးသမားများ စာနယ်ဇင်းသမားများ တိုင်းရင်းသားခေါင်းဆောင်များ ချွင်းချက်မရှိလွတ်ပေးရန် လိုပါသည်။
၃) နိုင်ငံတော်၏ မိခင်ဟု ဆိုကြသော ပြည်ထောင်စု၏ အသဲနှလုံးဟု ဆိုအပ်သော မြစ်မင်း ဧရာဝတီ၏ထာဝရ ရှင်သန်စီးဆင်းနိုင်ရေးအတွက် မြစ်ဆုံရေကာတာ စီမံကိန်းအား ရပ်တန့်ရန် သင့်ပါပြီ။

နာကျင်စေမှုများကို စိတ်ရင်းစေတနာကောင်းဖြင့် ဖြေလျှော့ ဖယ်ရှားပေးခြင်း၊ အမေစုနှင့် အဘဦးတင်ဦးတို့၏ မေတ္တာဖြင့် ဖျောင်းဖြနှစ်သိမ့်ခြင်းတို့ဖြင့် အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိလာမည်သာ ဖြစ်သည်။ ဆက်လက်၍ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပြည်သူတို့ လိုလားနေကြသည့် ပင်လုံကတိက၀တ်ကို အခြေခံသော ဒုတိယပင်လုံ ညီလာခံကြီးအား အားလုံးပါဝင်ကြပြီး မှန်ကန်တရားမျှတစွာ ကျင်းပကြ၍ စစ်မှန်သော ပြည်ထောင်စုကြီးကို ဖွဲ့စည်းတည်ဆောက်ကြမည်ဆိုပါက အစိုးရသစ်သည် ကယ်တင်ရှင် ငြိမ်းချမ်းရေး ဗိသုကာအဖြစ် ကဗည်းတွင်ရစ်မည်သာဖြစ်သည်။ ဦးသိန်းစိန် မိန့်ချွေခဲ့သော လူမျိုးစုံပြည်သူ လူထုတရပ်လုံး တမ်းတလျှက်ရှိကြသော စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောသော လူ့ဘောင်သစ်သို့ မလွဲမသွေ ရောက်ရှိရမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

အောင်စိုးစံ


No comments: