ဒေသခံများကို တရားမ၀င်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲအရေးယူနေ

ဒေသခံများကို တရားမ၀င်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲအရေးယူနေ
နော်စေးဖော

၂၅ နိုဝင်ဘာ ၂၀၀၉ (DVB)- ရှမ်းပြည်တောင်ပိုင်းရှိ ဆီဆိုင်နဲ့ ဟိုပုံးနယ်က ဒေသခံတချို့ကို တရားမ၀င်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်အစိုးရအာပိုင်တွေက ဖမ်းဆီးထောင်ချနေပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (အက်စ်အက်စ်အေ)၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ခွဲထွက်အဖွဲ့တို့နဲ့ ဆက်သွယ်လို့ဆိုပြီး ပြည်ခိုင်ဖြိုး အသင်းဝင်တဦး အပါအ၀င် ၄ ဦးဟာ တရားမ၀င်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ သီးခြားစီ အမှုရင်ဆိုင်နေရတယ်လို့ ကာယကံရှင် မသားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အလားတူ ဒီပုဒ်မနဲ့ပဲ ရွာခံ ၇ ဦး ၂ နှစ်စီ ထောင်ဒဏ် ကျသွားပြီးပြီလို့လည်း ပြောပါတယ်။

နယ်မြေခံစစ်တပ်ရဲ့ ဖမ်းဆီးမှု၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ရဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် ရွာသားတွေက နောက်ဆုံးမှာ ခံဝန်လက်မှတ် ထိုးပေးလိုက်ရတာလို့လည်း ဆိုပါတယ်။

အဲဒီထွက်ချက်တွေအရ တရားရုံးရောက်တဲ့အခါ အပြစ်ရှိရှိ မရှိရှိ ထောင်ကျသွားကြတယ်လို့ ရွာခံတွေက ပြောပါတယ်။

မနှစ်က နှစ်ဆန်းပိုင်းမှာ ဆီဆိုင်မြို့ စရဖ ရုံးကို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်လို့ စရဖ တဦးသေဆုံးသွားပါတယ်။

အဲဒီဖြစ်ရပ်နောက်ပိုင်းမှာ အခုလို စွပ်စွဲဖမ်းဆီးမှုတွေ ပိုများလာတာလို့ ရွာခံတွေက ပြောပါတယ်။

ခုလို ရွာခံတွေကို စွပ်စွဲဖမ်းဆီးနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အက်စ်အက်စ်အေ ပြောခွင့်ရသူ စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“သူတို့လုပ်နေကျ ထုံးစံအတိုင်းပါပဲ။ နအဖ က ခေတ်အဆက်ဆက် ဒီလိုပုံစံမျိုးပဲ ရှမ်းပြည်သူ ပြည်သားတွေကို ဆံဆက်နေပါတယ်။ မကျေနပ်ရင် မကျေနပ်သလို ရွာသားတွေကို သူပုန်တွေနဲ့ ဆက်သွယ်တယ်၊ ထောက်ပံ့တယ်ဆိုပြီး ရွာခံတွေကို ဖိနှိပ်တယ်၊ ဖမ်းဆီးတယ်၊ မတရားညှဉ်းဆဲတယ်၊ အသက်ထွက်တဲ့ အဆင့်ထိတောင်ရောက်တယ်။”

“အထူးသဖြင့် ဒီလက်နက်ကို အဖွဲ့အစည်းတွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားတဲ့ နေရာဒေသမှာ ပိုပြီး ဆိုးရွားပါတယ်။ ဘယ်သူမှ အဲ့ဒီကိစ္စကို ဖြေရှင်းပေးတာ မရှိပါဘူး။ အကောင်းဆုံးက ကျနော်တို့ လူထုကြားမှာ မီဒီယာ အသင်းအဖွဲ့ငယ်လေးတွေ ရှိထားရင် ပိုကောင်းတာပေါ့။ နအဖ က တစုံတရာ လူ့အခွင့်အရေး ချိုးဖေါက်လာတယ်ဆိုရင် ချက်ချင်းကမ္ဘာကို တင်ပြနိုင်အောင် အဲ့လိုမျိုး အသင်းအဖွဲ့တွေ ရှိထားရင် ပိုပြီး အသင့်တော်ဆုံးပါပဲ။”

ဆီဆိုင်မြို့နယ်ဟာ အရင်က ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ထိန်းချုပ်ခဲ့ဖူးတဲ့ နယ်မြေပါ။

အခုအခါမှာ မြန်မာစစ်တပ်အပြင် အက်စ်အက်စ်အေ၊ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို) တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ နယ်မြေ ဖြစ်နေပါတယ်။

No comments: