မူးယစ်ဆေးထုတ်လုပ်မှုတွင် မြန်မာစစ်အရာရှိများပါဝင်ဟု တိုင်းရင်းသားလူငယ်အဖွဲ့

ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်းတွင် ဘိန်းစိမ်းနှင့် ဘိန်းဖြူ အများအပြား ဖမ်းဆီးရမိခဲ့သော်လည်း စစ်အရာရှိကြီးများ ပါဝင် ပတ်သက်နေ၍ သတင်းထုတ်ပြန်ခြင်းမရှိဘဲ လျှိ့ဝှက်ထားခဲ့သည်ဟု တိုင်းရင်းသားလူငယ်များ ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့(မြန်မာနိုင်ငံ)က ယနေ့ အစီရင်ခံစာ ထုတ်ပြန်သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ၃တန်ခန့်ရှိပြီး ရှမ်းပြည်တောင်ပိုင်းတွင် အကြီးမားဆုံး ဖမ်းဆီးရမိခြင်းဖြစ် သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကာလတန်ဖိုးမှာ ကျပ်သိန်း နှစ်ထောင့်ငါးရာခန့် ရှိသည့် ယင်းမူးယစ်ဆေးများကို မြန်မာစစ်တပ်နှင့် မူးယစ်အဖွဲ့ က လွန်ခဲ့သည့်လ ၄ရက်နှင့် ၈ရက်နေ့တွင် ဆီဆိုင်မြို့နယ် လွယ်မောတောင် ထီတမ်းကျေးရွာအနီးရှိ ဘိန်းချက် စက်ရုံမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယင်းစက်ရုံသည် မြန်မာစစ်အစိုးရထံ လက်နက်ချသွားသော ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့(ရလ လဖ) အဖွဲ့၏ ဥက္ကဌဟောင်းဖြစ်သူ ဦးချစ်မောင် ထိန်းချုပ်သည့် ဒေသတွင်တည်ရှိပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တွင် မြန်မာစစ်တပ်အရာရှိများ ပါဝင်ပတ်သက် နေသည်ဟု အစီရင်ခံစာတွင်ဖော်ပြသည်။

ယင်းဖမ်းဆီးမှုနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလို သုံးသပ်သည်။

“ထန်းယန်းကျေးရွာရဲ့ အရှေ့ဖက် နည်းနည်းသွားကျမှာပေါ့ အဲဒီနေရာမှာက ထီတမ်းလို့ ခေါ်တယ်။ အဲဒီမှာ ဘိန်းချက်စခန်းတခုမိတယ်လို့ ကျနော်တို့ အဲလိုမျိုးကြားရတယ်။ အဲလိုဟာကို ကျနော်တို့ ကြည့်လိုက်ခြင်းအားဖြင့် အဲဒီဟာတွေဟာ သူတို့နဲ့ မပတ်သက်ရင် တခြားလူနဲ့ ပတ်သက်စရာ အ ကြောင်းမရှိဘူးလို့ကျနော်တို့က ဒီလိုပဲသုံးသပ်တယ်။နောက်ထပ်တခုကတော့ အစိုးရအနေနဲ့ စစ်တပ် အနေနဲ့ မပါဝင်လာဘူး ဆိုတာကလည်းပဲ ကျနော်တို့ ပြောလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိနေတဲ့ နေရာနဲ့ အဲဒီ အမှတ် (၄၂၅) (၄၂၆) တပ်ရင်း ထိုင်တဲ့ နေရာက ငါးမိုင် ၀န်းကျင်ပဲ ရှိတယ်။ အဲဒီတပ်နယ် အတောတွင်း အဲဒီပတ်လည်မှာပဲ ရှိနေတယ်ဆိုနေတဲ့ အချိန်ကျတော့ ဒါကို ကျနော်တို့ ကြည့်လိုက်ခြင်းအားဖြင့် အဲဒီနေရာမှာ မူးယစ်ဆေးဝါးချက်တဲ့ စက်ရုံပေါ်လာနိုင်တာက အဲဒီမှာ ရှိနေတဲ့ ဒေသခံ အာဏာပိုင်၊ နောက် အစိုးရတပ်တွေရော၊ ရဲတွေရော မပါဝင် မပတ်သက်လို့ ကတော့ အဲဒီနေရာမှာ လုပ်လို့ မရဘူးလို့ ကျနော်တို့ အဲဒီလိုပဲ သုံးသပ်ပါတယ်။ ”

မြန်မာအာဏာပိုင်များက ဘိန်းချက်စက်ရုံအစောင့် ထီတမ်းရွာသား ဦးပညာ (ခေါ်) တလော ဆိုသူကို ဖမ်းဆီး ထားပြီး စက်ရုံပိုင်ရှင်အဖြစ် ယူဆရသော ခွန်ချစ်အောင်( ဥက္ကဌဟောင်း ဦးချစ်မောင်၏ သား)မှာ တိမ်းရှောင်နေ ကြောင်းနှင့် လက်နက်ချ ရလလဖ ဥက္ကဌဟောင်း ဦးချစ်မောင်နှင့်သား ခွန်ချစ်အောင်တို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး-ဗိုလ်မှူးကြီးမြ၀င်းကို လစဉ် ကျပ်သိန်း (၅၀) ၊ ဒေသခံ တပ်ရင်းများဖြစ်သည့် ခမရ(၄၂၅)နှင့် ခမရ (၄၂၆) တပ်ရင်းတို့ကို လစဉ် ကျပ်သိန်း (၃၀)စီ ပေးသွင်းနေရကြောင်း အစီရင်ခံစာတွင် ပါရှိ သည်။

ဦးချစ်မောင်အဖွဲ့သည် ပြီးခဲ့သည့် မေလအစောပိုင်းက ရလလဖ ဗဟိုဌာနချုပ် နောင်ထောင်ဝ်မှ ထွက်ခွာခဲ့ပြီး နအဖထံ လက်နက်ချခဲ့သည်။

လွန်ခဲ့သောအပတ်က ရှမ်းပြည်အရှေ့ပိုင်းတွင် မြန်မာစစ်တပ်နှင့် မူးယစ်အဖွဲ့က ဘိန်းခင်း ၁၅၀ခန့်တွေ့ရှိ ဖျက်ဆီးခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သော်လည်း ယခုဖမ်းဆီးရမှုကို ဖော်ပြခြင်းမရှိခဲ့ပေ။

No comments: