အာဏာပိုင်များ ချယ်လှယ်မှုကြောင့် လက်ဖက်ဈေးကွက်ပျက်

နရီလင်းလက် | Monday, 06 June 2011| ဧရာဝတီ

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်ဒေသတွင် လက်ဖက် ဈေးကွက်အတွင်း အာဏာပိုင်များက ၀င်ရောက်ခြယ်လှယ် နေသောကြောင့် ဈေး ၂ ဆခန့် ကျဆင်းသွားပြီး စိုက်ပျိုးသူ တောင်သူများ အကျပ်အတည်း ကြုံ တွေ့နေရသည်ဟု တအာင်း (ပလောင်) အလုပ်အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။


ယနေ့ ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာတွင် နမ့်ဆန်မြို့ရှိ ဗိုလ်ကြီး သန်းထွန်းသည် တပ်မတော် အချိုခြောက်၊ လက်ဖက် စက်ရုံ (ပလောင်ထိပ်ထား လက်ဖက်ခြောက်) နှင့် နဂါးပျံ လက်ဖက်ခြောက် စက်ရုံတို့အတွက် လက်ဖက်ထွက်ရှိသည့် ရာသီ ရောက်တိုင်း ကုန်သည်များကို ခေါ်ယူကာ ဈေးနှုန်းများကို စိတ်ကြိုက် သတ်မှတ် ပေးသည်ဟု ပါရှိသည်။

ယခင်နှစ်များက နမ့်ဆန်မြို့နယ်၌ လက်ဖက်ခြောက် တပိဿာ ၄၀၀၀ - ၅၀၀၀ ကျပ် ၀န်းကျင်ခန့်ရှိရာမှ ယနေ့ ပေါက်ဈေး တပိဿာ ကျပ် ၂၀၀၀ ခန့်သာ ရှိတော့ကြောင်း သိရသည်။

“တနိုင်တပိုင် လက်ဖက်ခင်း လုပ်ငန်းရှင်တွေ ဆီကနေ ကုန်သည်အများစုက သိမ်းတာ။ ကုန်သည်တွေက အာဏာပိုင်တွေ ပြောတဲ့ဈေးနဲ့ နှိမ်ဝယ်တော့ လက်ဖက်ခင်း ပိုင်ရှင်တွေကလည်း အရင်းလည်းမကျေ၊ အလုပ်သမားခတွေက အရင်ရှင်းပေး ထားရတာဆိုတော့ အရှုံးပေါ်ကုန်ရော” ဟု နမ့်ဆန်မြို့နေ လက်ဖက်လုပ်ငန်းလုပ်ကိုင်သူ တဦးက ဧရာဝတီကို ပြောသည်။

လက်ဖက်စိုက်ခင်းများသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ အနောက်ဘက်ခြမ်း၊ သီပေါ အနောက်ဘက်ခြမ်း၊ နမ့်ခမ်း၊ ကွတ်ခိုင် စသည့်မြို့နယ်များတွင် ရှိပြီး အဓိကစိုက်ပျိုးသူ ပလောင်တိုင်းရင်းသား ၆ သိန်းခန့် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လက်ဖက်ဈေးနှုန်းများ ကျဆင်းကာ လက်ဖက်ဈေးကွက် ပျက်လာသောကြောင့် လက်ဖက်စိုက် တောင်သူ များသည် နယ်စပ်မှ တဆင့် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်မှု များပြားလာပြီး မိရိုးဖလာ လက်ဖက် စိုက်ပျိုးသည့် လုပ်ငန်း တိမ်ကောလာသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“ဈေးကွက်က ပျက်သလို ဖြစ်နေတော့ အလုပ်သမားတွေကလည်း အလုပ်မရတော့ဘူး။ ရွာတိုင်းမှာ ရှိတဲ့ အဓိက ယောက်ျားလေးတွေဆို တရုတ်ပြည်ဘက် ထွက်ပြီး ပန်းရန်လုပ်တာတို့၊ ခြံခုတ်တာတို့ ခိုင်းသမျှ အကုန် သွားလုပ် နေကြရ တယ်။ ကျမတို့ရွာက ထွက်သွားတဲ့ လူတွေ အများကြီးပဲ” ဟု ရှမ်းပြည် (မြောက်ပိုင်း) မားလန် ကျေးရွာသူ တဦးက ပြောပြသည်။

ယခင်နှစ်က လက်ဖက်ခူးသမား တဦးသည် တနေ့လျှင် ကျပ် ၃၀၀၀ ရရှိသော်လည်း ယခုနှစ် လက်ဖက်ဈေးနှုန်း ကျဆင်းသောကြောင့် လက်ဖက်ခူး သမားတဦး၏ တနေ့ ရရှိငွေမှာ ၁၅၀၀ ကျပ်သာ ရှိတော့ကြောင်း သိရသည်။

မိုးလွတ်ချိန် ရွှေဖီဦး ကာလ ဧပြီနှင့် မေလ ကြားတွင် တကြိမ်၊ ခါးကန်ဦး ကာလ မိုးရာသီ ဇွန်လတွင် တကြိမ် စုစုပေါင်း လက်ဖက်ခူးချိန်သည် တနှစ်လျှင် ၂ ကြိမ်ရှိသည်။

မတ်လ အတွင်းက မြန်မာအစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း တပ်တို့ နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ဖက်စိုက် တောင်သူများ လက်ဖက်ခူးချိန် နောက်ကျ၍ လက်ဖက်ခင်းများ ပျက်ဆီးသွားခဲ့သည်ဟု သိရသည်။

“ရွှေဖီဦး ကာလမှာ မိုးဆက်တိုက်ရွာတော့ လက်ဖက်ခင်း နည်းနည်းပျက်တာရယ်၊ တိုက်ပွဲဖြစ်တော့ လက်ဖက်ခူး လို့မရဘဲ လက်ဖက်ခူးချိန် နောက်ကျတာရယ်ကြောင့် လက်ဖက်တွေ ရင့်ကုန်တယ်။ အဲဒါကြောင့်လည်း ဈေးကျတာပါတယ်” ဟု မားလန်း ကျေးရွာသူက ပြောသည်။

လက်ဖက်ခြံ ပိုင်ရှင်များသည် အလုပ်သမား လုံလောက်စွာ မရရှိခြင်း၊ လက်ဖက်ဈေးနှုန်း အဆမတန် ကျဆင်း လာခြင်းတို့ကြောင့် လက်ဖက်ရွက်နု များကို မခူးဘဲ ပစ်ထားရကြောင်း၊ ထို့ကြောင့် လက်ဖက်ရွက်များ ရင့်ရော်ပြီး နောက်ရာသီတွင်ပါ လက်ဖက် အထွက်နှုန်း လျော့ကျလာသည့် ပြဿနာများလည်း ဖြစ်လာကြောင်း ယနေ့ ထုတ်ပြန်လိုက်သည့် တအာင်း (ပလောင်) အလုပ်အဖွဲ့ ကြေညာချက်တွင် ပါရှိသည်။

လက်ဖက်ဈေးနှုန်းများ အဆမတန် နိမ့်ကျနေသော်လည်း ဒေသတွင်း ကုန်ဈေးနှုန်းများသည် ယခင်နှစ်ကထက် ပိုမို မြင့်မားလာသောကြောင့် ပလောင် တိုင်းရင်းသားများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

No comments: