ပအိုဝ်းအမျိုးသား နယ်ချဲ့တော်လှန်ရေး

မြန်မာနိုင်ငံသည် ကုန်းဘောင်ခေတ်အတွင်း၌ အနောက်ဥရောပတစ်ခွင်က ပဒေသရာဇ် စနစ်ခေတ်မှ အရင်းရှင်စနစ်ခေတ်သို့ ပြောင်းလဲသော ကာလဖြစ်သည်။ ဥရောပအရင်းရှင် များသည် မိမိတို့စက်ရုံ ပုံမုန်လည်ပတ်နိုင်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများနှင့် ကုန် ချောဈေးကွက်များကို အပြိုင်အဆိုင် ရှာဖွေကြသည်။ 


ကုန်းဘောင်ခေတ် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက်တွင် စစ်တကောင်းရခိုင်နယ်ခြားပြဿနာနှင့် မဏိပူရ အာသံပြည် နယ် ပြဿနာများကြောင့် ၁၈၂၄ ခုနှစ် မတ်လ (၅)ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ်က မြန်မာပြည်ကို စေ့စပ်ချက်ကြောင့် အင်္ဂလိပ်နှင့် မြန်မာတို့ စစ်ပြေငြိမ်းရေးအတွက် ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ရန္တပိုစာချုပ်ကို သဘောတူချုပ်ဆိုခဲ့ရသည်။ ထိုစစ် ပြေငြိမ်းရေးစာချုပ်အရ ရခိုင်နှင့် တနင်္သာရီတိုင်းကို အင်္ဂလိပ်တို့အား အပ်နှင်းရသည့်အပြင် စစ်လျော်ကြေးတစ်ကုဋေလည်း ပေးရန် သဘောတူခဲ့ရသည်။

မြန်မာနိုင်ငံ ပုဂံမင်းလက်ထက်တွင် ရန်ကုန်မြို့ဝန်ဦးအုပ်နှင့် နယ်ချဲ့သင်္ဘောသား အလုပ် သမားများ သေဆုံးမှုကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာစစ်ကြေငြာခြင်းမပြုလုပ်ဘဲ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကို စတင်ဖြစ်ပေါ်စေခဲ့သည်။ ထိုစစ်ပွဲသည် ရှစ်လကြာသော အခါ ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် မည်သည့်စာချုပ်မှ မပြုလုပ်ရဘဲ အောက် မြန်မာနိုင်ငံ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ကို အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယဘုရင်ခံချုပ်ကိုယ်စား ကပ္ပတိန်ဖယ်ယာက ကြေညာလိုက်လေသည်။

ဘုံဘေဘားမားကုမ္မဏီနှင့် မြန်မာ့ဘုရင်တို့အကြား သစ်ထုတ်လုပ်မှုပြဿနာ ပေါ်ပေါက် လာ၍ ၁၈၈၅ ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ကို စတင်ဖြစ်စေခဲ့သည်။

အင်္ဂလိပ်မြန်မာစစ်ပွဲအတွင်းတွင် ဘီးလင်းနှင့် သထုံနယ်ကို ဦးဆောင်လှုပ်ရှားသော နယ်ချဲ့ တော်လှန်ရေး ပအိုဝ်းခေါင်းဆောင်ဗိုလ်ခန်းသည် နယ်ချဲ့များအား သေနတ်၊ စိန်ပြောင်း အစရှိသည့် လက်နက်ကောင်း များဖြင့် ခုခံတော်လှန်ခဲ့ကြသည်။ ဗိုလ်ခန်းသည် နယ်ချဲ့ တပ်များအား နောက်ဆုံးအချိန်အထိ အရှုံးမပေး ဒူးမထောက်ဘဲ တိုက်ပွဲအတွင်း စိန် ပြောင်းထိမှန်ခြင်းခံရပြီး (ယခု ဗိုလ်ခန်းကွင်းနေရာတွင်) ကျဆုံးခဲ့ရသည်။ ဗိုလ်ခန်းသည် သူ့ကျွန်မခံသော စွဲသတ္တိကြောင့် အင်္ဂလိပ်တို့က ဗိုလ်ခန်းကို ဂုဏ်ပြုသောအနေဖြင့် ဘီးလင်းနယ်ရှိ ကွင်းကို “ဗိုလ်ခန်းကွင်း”ဟု သမုတ်ခဲ့သည်။

အင်္ဂလိပ်-မြန်မာ ပထမနှင့် ဒုတိယစစ်ပွဲများတွင် မိမိတို့၏ တိုင်းပြည်နှင့် လူမျိုးပျက်စီးဆုံးရှုံး ရသည်ကို မကျေမနှပ်စိတ်ဖြင့် မျိုသိပ်ခဲ့ရသည့် မရမ်းချောင်း ပအိုဝ်းဘုန်းတော်ကြီးသည် ဗိုလ်ခန်းကျဆုံးသောအခါ တော်လှန်ရေးလုပ်ရန် ပြတ်သားသော ဆုံးဖြတ်ချက်ကို ချလိုက် သည်။ ၁၈၈၅ ခုနှစ် ဒီဇင်ဘာလတွင် မရမ်းချောင်းဘုန်းတော်ကြီး ဦးဆောင်သော တပ်ဖွဲ့ သည် ကျောက္ကလပ်ပအိုဝ်းဘုန်းတော်ကြီး ဦးဆောင်သောတပ်နှင့် ပူးပေါင်းမိပြီး “မျက်နှာဖြူ များကို ပင်လယ်အတွင်းသို့ မောင်းထုတ်ပစ်မည်” ဟူသော ကြွေးကြော်သံဖြင့် တောင်ငူ၊ စစ်တောင်း၊ ရွှေကျင်၊ သံလွင် တစ်ဝိုက်တွင် ဗြိတိသျတို့ကို ပြင်းထန်စွာ ဆန့်ကျင်တော် လှန်ခဲ့သည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် မြန်မာ့ဘုရင်သီပေါမင်းနှင့် မိဖုရားတို့အား နန်းတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ခုနှစ် ဇန်နာဝါရီလ(၁)ရက်နေ့တွင် မြန်မာပြည်တစ်ပြည်လုံးအား သိမ်းပိုက်လိုက်ပြီဟု အင်္ဂလိပ်တို့ကြေညာခဲ့သည်။ မြန်မာ ပြည်အောက်ပိုင်း တစ်ခုလုံးနီးပါးမျှ တော်လှန်ရေးဆင်နွဲနေသော မရမ်းချောင်း ဘုန်းတော် ကြီးကို ဗြိတိသျနယ်ချဲ့တို့ကအရှင်ရရ အသေရရ ဖမ်းဆီးရယူလိုခဲ့သည်။ ထိုကြောင့် ဖာပွန်တွင်ရှိစဉ် ဗြိတိသျတို့သည် နယ်ချဲ့ဆန့်ကျင်ရေးကို ဆင်နွဲနေသော မရမ်းချောင်း ဘုန်းတော်ကြီးကို ဆုငွေ ၅၀၀၀ (ငါးထောင်)ဖြင့် ထုတ်ကာ ဖမ်းဆီးစေခဲ့သည်။ နောက်ပိုင်း တွင် မရမ်းချောင်းတပ်သည် တောင်ငူအရှေ့ဘက်ရှိ တောင်ကြားတစ်ခုတွင် တပ်စွဲထားစဉ် ဗြိတိသျတပ် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်မှုကြောင့် တပ်ဆုတ်ပြေးရင်း မရမ်းချောင်း ဘုန်းတော်ကြီးသည် ရန်သူလက်ထက်သို့ ကျရောက်ခဲ့သည်။ ၁၈၈၆ ခု မတ်လတွင် ကျိုက်ထိုရဲဌာနရှေ့လူမြင်ကွင်း၌ ဘုန်းတော်ကြီးသည် အင်္ဂလိပ်တို့၏ ကြိုးပေးစီရင်ခြင်းကို ခံခဲ့ရသည်။

ရှမ်းပြည်နယ် ပအိုဝ်းအမျိုးသားခေါင်းဆောင် သထုံဆီဆိုင်နယ်ရှင်စော်ဘွား ခွန်အိုးသည် ရပ်ဆောက် စော်ဘွား ညောင်ရွှေစော်ဘွား၊ မိုင်းပွန်စော်ဘွား၊ ကန္တာရ၀တီစော်ဘွား၊ ဖယ်ခုံ စော်ဘွား၊ မိုးနဲစော်ဘွားတို့နှင့် အတူ လင်းပင်မင်းသားဦးဆောင်မှုဖြင့် နယ်ချဲ့များကို ခုခံ တွန်းလှန်ခဲ့သည်။ ခွန်အိုးသည် ၎င်းကွယ်လွန် သည်အထိ နယ်ချဲ့ကို အခဲမကြေသူဖြစ်သည်။ နောက် တက်လာသည့် သထုံဆီဆိုင်နယ်ရှင်ခွန်အိုး၏သား ခွန်စိန်ကြီးလက်ထက်တွင် အင်္ဂလိပ်တို့၏ ရှမ်းပြည်အုပ်ချုပ်ရေးသတ်မှတ်ရာတွင် ခွန်စိန်ကြီးကို သထုံဆီဆိုင် နယ်အား မြို့စားအဖြစ် အုပ်ချုပ်စေခဲ့သည်။ ခွန်စိန်ကြီးသည် စိတ်ဓါတ်ပြင်းထန်မှု မျိုးရိုးဇာတိမာန် တက်ကြွမှု ကြောင့် အင်္ဂလိပ်တို့မကြာခဏ ငြိုငြင်ခြင်းခံခဲ့ရသည်။ ထိုကြောင့် ၁၉၃၇ ခုနှစ်တွင် အင်္ဂလိပ်တို့က ခွန်စိန်ကြီးအား နယ်နှင်ဒဏ်ပေး၍ အောက်မြန်မာပြည် သထုံခရိုင်၊ သထုံမြို့တွင် နေစေခဲ့သည်။ ခွန်စိန်ကြီးသားဖြစ်သော ခွန်ကြည်ကို သထုံမြို့စားအဖြစ် အင်္ဂလိပ်တို့က ဆက်လက်ခန့်ထားခဲ့သည်။

ကျမ်းကိုး
  • မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲ၊ ဦးလေးမောင်၊ ပထမနှိပ်ခြင်း ၁၉၇၃
  • ပအမဖ စတုတ္ထအကြိမ် အမျိုးသားညီလာခံသို့ တင်သွင်းမည့် ဗဟိုအလုပ်အမှု ဆောင်အစီရင်ခံစာ (မူကြမ်း)
  • စွိုးခွှိုတသာ အမှတ် (၄) သမိုင်းစာအုပ်မှ “နယ်ချဲ့ကို ပထမဆုံးတော်လှန်ခဲ့သော ဘုန်းတော်ကြီး”
မှတ်ချက်။ ။ ခွိုပအိုဝ်း စာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်သည်။

No comments: