ကိုအောင်မိုးမြင့်။ ။ တောင်ပေါ်က တို့တစီးထီ လို့ပြောလိုက်တာနဲ့ တောင်ကြီးမြို့က ပအိုဝ်းတွေပဲ ပြုလုပ်ကြတဲ့ တစီးထီလို့ခေါ်တဲ့ ဆေးတော်ပွားရည်ကို ပြေးမြင်မိမှာ အမှန်ပါ။ အဲဒီ တစီးထီကို ဘယ်လိုလုပ်ရတယ်ဆိုတာ ကိုယ်တိုင် ဖော်စပ်လုပ်ခဲ့ဖူးတဲ့ ပအိုဝ်းအမျိုးသား ခွန်စန္တ္တာဟိတ်က အခုလို ပြောပါတယ်။
ခွန်စန္တ္တာဟိတ်။ ။ ဆေးမြစ်ရဲ့အနေအထားကို အလေးအချိန်ကို ကြည့်ပြီးတော့မှ ရေကိုတော့ တချို့ကျတော့ ရေကျက်အေးနဲ့ပေါ့၊ တချို့ကျတော့ ရေအေးနဲ့ပါပဲ။ အဲဒီဟာထည့်တယ်။ ထည့်ပြီးတော့ စိမ်တယ်။ အဲဒီစိမ်တဲ့အချိန်မှာ ဆေးရဲ့ အာနိသင်က နှစ်မျိုးရှိတယ်။ တကယ်လို့ ကြံသကာနဲ့ စိမ်တယ်ဆိုရင်တော့ အရသာနည်းနည်းပူတယ်ပေါ့။ ကြံသကာနဲ့က။ ထန်းညှက်နဲ့ စိမ်တယ်ဆိုရင်တော့ အရသာကို ထိန်းညှိပေးတဲ့သဘောပေါ့။ အဲလိုမျိုး စိမ်ကြတာတွေ ရှိတယ်။ တချို့ကျတော့ ဆေးစိမ်တဲ့ နေရာမှာ ပိုပြီးတော့ ပြင်းပြင်းလေး ရဖို့အတွက်ဆိုရင် ထန်းနို့ကိုထည့်တယ်။ ထန်းနို့အခြောက်ပေါ့နော်။ ထန်းပင် ကထွက်တဲ့ ထန်းနို့အခြောက်ကို ရောပြီးထည့်တယ်။ မွေးတဲ့အရသာကို လိုချင်တယ် ဆိုရင်တော့ ကန့်ဘလူကိုထည့်ပြီးတော့မှ အဲဒါလည်း တအားကြီးမဟုတ်ဘူး။ သူ့အချိုးအစား အလိုက်ပဲ။ အဲလိုမျိုးထည့်ပြီးတော့မှ စိမ်ကြတယ်။
ကိုအောင်ကျော်။ ။ တစီးထီကို ဖော်စပ်တဲ့ ဆေးမြစ်ကို အရင်စုထားရပါတယ်။ အဲဒီ ဆေးမြစ်တွေကတော့ တခြားမဟုတ်ပါဘူး။ သဘာဝ သစ်ဥသစ်ဖုထဲကဖြစ်တဲ့ တောရှောက်ပင်မြစ်၊ သံပုရာမြစ်၊ ငါးဥအနက်ပင်မြစ်၊ သက်ကယ်မြစ်၊ ကဒွတ်မွေးမြစ်၊ ရေကြူမြစ်၊ ဥပသကာမြစ်တို့ကို စုပြီး စိမ်ထားတာပါ။
မခိုင်ခိုင်။ ။ အဲဒီအမြစ်ကိုရှာဖွေစုဆောင်းပြီး အခြောက်လှန်းထားရပါတယ်။ လှန်းတဲ့နေရာမှာလည်း နေသွေ့တဲ့နေရာမှာ လှန်းထားရတယ်တဲ့။ နေပူထဲမှာ မလှန်းရဘူး နေရိပ်ထဲမှာ လှန်းရပါတယ်။ နောက် အခြောက်လှန်းထားတဲ့ သစ်မြစ်တွေကို စုပြီး ပိတ်စသန့်သန့်နဲ့ ကျပ်စည်းထုပ်သလို ထုပ်ထားပြီး စဥ့်အိုးထဲမှာ ထည့်စိမ်ထားတာပါ။
ကိုအောင်မိုးမြင့်။ ။ တစီးထီလို့ခေါ်တဲ့ ဆေးတော်ပွားရည်ကို အနည်းဆုံး နှစ်ပတ်လောက်စိမ်ရင် သောက်လို့ ရပါပြီ။ တစီးထီထဲက အရင့်အနုနှစ်မျိုးထဲမှာ နှစ်ပတ်လောက် စိမ်ထားတာကို အနုပေါ့ နောက်တမျိုးပြောမယ်ဆိုရင် အချိုပေါ့ အဲလိုခေါ်ပါတယ်။ နှစ်ပတ်ထက်ကျော်သွားရင်တော့ အနု အခါးဖြစ်တာပေါ့။ ဆေးတော်ပွားပုံကို ခွန်စန္တ္တာဟိတ်က အခုလို ရှင်းပြပါတယ်။
ခွန်စန္တ္တာဟိတ်။ ။ ဒီလိုစိမ်နေရင်းနဲ့ ရင့်ကျက်လာတဲ့အချိန်မှာ မျိုးပဲယူလိုက်တယ်။ အဲဒီ မျိုးယူတဲ့အချိန်မှာ ဆေးတော်ပွားဆိုတော့ ပထမဦးဆုံး အိုးမှာ ထွက်လာတဲ့ အဲဒီရင့်နေတဲ့ အရည်ကို ယူပြီးတော့မှ တခြားစဥ့်အိုးထဲမှာ ပြောင်းထည့်ပြီးတော့မှ တန်းညှက်ထပ် ထည့်တယ်၊ ရေထပ်ထည့်တယ်။ အဲဒါကို တခါပြန်ပွားတာပေါ့။ အဲဒါကြောင့် ဆေးတော်ပွားလို့ ခေါ်ကြတာ။
မခိုင်ခိုင်။ ။ ကျမတို့ တခြားလူမျိုးတွေ ခေါင်ရည်စိမ်သလို တဆေးကို ထည့်ပြီး စိမ်တာတွေ မရှိပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရည်စိမ်ဖို့ သစ်မြစ်တွေရဲ့ သဘာဝအနိသင်မှာကိုက ဆေးမြစ်ကို ကြာကြာစိမ်လေ အရည်ဟာ ရင့်ပြီး သောက်ရင် ခေါင်ရည်လို၊ ထန်းရည်လို မူးပါတယ်တဲ့။
ကိုအောင်ကျော်။ ။ ပအိုဝ်းလူမျိုးတွေဟာ နေ့ခင်းဖက်မှာ တောင်ယာလုပ်ငန်းခွင်ကို သွားလုပ်ကြပြီး ညနေပိုင်း အိမ်ပြန်ရောက်ရင် အဲဒီ ဆေးတော်ပွားရည်ကို ထမင်းစားခါနီး ဆေးဖြစ်ဝါးဖြစ် သောက်ကြသလို တချို့ကျတော့လည်း အလုပ်ပင်ပင်ပန်းပန်းလုပ်ပြန်လာပြီး အောက်မြန်မာပြည်ဖက်က ထန်းရည်ကို သောက်သလိုမျိုး အမောပြေ အပန်းပြေ သောက်တာတွေလည်း ရှိပါတယ်။
ကိုအောင်မိုးမြင့်။ ။ ဆေးတော်ပွားရည်ကို သောက်သုံးကြတဲ့သူတွေဟာ လူငယ်လူရွယ်တွေ တောင်ယာသမားတွေတင် မကပါဘူး။ သက်ကြီးရွယ်အို အဘိုးအဘွားတွေ၊ သက်တော် ကြီးရင့်တဲ့ ဘုန်းတော်ကြီးတွေလည်း ဆေးအဖြစ် မှီဝဲကြတယ်လို့ ခွန်စန္တ္တာဟိတ်က ဆက်ပြောပြပါတယ်။
ခွန်စန္တ္တာဟိတ်။ ။ ကျနော်တို့ ဒီ တစီးထီကို ကျနော်တို့ ဆရာတော်ကြီးတွေ၊ ဘုန်းတော် ကြီးတွေပေါ့နော် တချို့ သက်ကြီးရွယ်အို မိဘတွေက သူတို့ရဲ့ ဆေးအဖြစ်နဲ့ သူတို့စိမ်ထား ပြီးတော့မှ အဲဒါကို သူတို့ သောက်သုံးမှီဝဲကြတာတွေ ရှိတယ်။ ဘာကောင်းသလဲဆိုတော့ ခြေဖ၀ါး လက်ဖ၀ါးမှာ ချွေးမထွက်တဲ့လူတွေ ချွေးပြန်ထွက်တာပေါ့နော်။ ချွေးငုတ်သွားတဲ့ လူတွေကို ချွေးပြန် ထွက်စေတယ်။ အဲဒီ အာနိသင်တွေ အဲဒီ အကျိုးတွေ ရှိတယ်။ ကြည့်ရတာ ကတော့ နှလုံးအား ပြန်ကောင်းလာတဲ့ သဘောပါပဲ။
ကိုအောင်ကျော်။ ။ အဲဒါတင်မကသေးပါဘူး ဆေးတော်ပွားရည်ကို သောက်ခြင်းအားဖြင့် ဆီးဝမ်း သွေးလေလည်း ညီညွတ်တယ်တဲ့ဗျ။ အဲဒါကြောင့် ဆေးတော်ပွားရည်ကို အိမ်မှာ လာတည်တဲ့ ဧည့်သည်ပဲဖြစ်ဖြစ် ရပ်နီးရပ်ဝေးကလာတဲ့ တခြား ညီနောင် တိုင်းရင်းသားတွေကို ပဲဖြစ်ဖြစ် တည်ခင်း ဧည့်ခံတတ်ကြပါတယ်။ တောင်ကြီးမြို့တို့ ဟိုပုံးမြို့တို့မှာဆိုရင်တော့ တစီးထီခြား ခေါ် ဆေးတော်ပွားရည် အချဉ်မျိုး ရောင်းချတာကို ၀ယ်ယူသောက်သုံးနိုင်ပါတယ်။
မခိုင်ခိုင်။ ။ ပအိုဝ်းလူမျိုးတို့ဟာ နေ့ကြီးခါကြီးရက်တွေမှာဆိုရင် ဘုန်းကြီးကျောင်းတွေမှာ တက်ရောက်လာကြသူတွေကို ထမင်းဟင်းတွေ အချိုရည်တွေ တည်ခင်းဧည့်ခံသလို ဆေးတော် ပွားရည်ကိုလည်း ပရိဿတ်အကြိုက်အဖြစ် ဧည့်ခံကြတယ်လို့ ပအိုဝ်းအမျိုးသမီး ဖြစ်တဲ့ နန်းယဉ်က ပြောပါတယ်။
နန်းယဉ်။ ။ ဒီသင်္ကြန်တို့ သီတင်းကျွတ်တို့ အဲဒီမှာ ဘုန်းကြီးကျောင်းတွေ သွားတက်လို့ရှိရင် ကျောင်းအောက်ထပ်မှာပဲဖြစ်ဖြစ်၊ ဆွမ်းစားဆောင်မှာပဲဖြစ်ဖြစ် စတုဒီတာဆိုတဲ့ အဖွဲ့ရှိ တယ်လေ။ သူတို့ကျွေးတယ်လေ။ အဲဒီမှာ တစီးထီ ပအိုဝ်းလိုခေါ်တဲ့ တစီးထီ ဆေးရည်ပေါ့ တိုက်ကြတယ် အဲဒီမှာ။ လူပျိုမောင်မယ်လုပ်ထားတဲ့ဟာ။ ချဉ်ချဉ်ချိုချိုလေး။ ဘုန်းကြီးကျောင်းတွေ မနက်ပိုင်း တရားနာပြီးလို့ရှိရင် အစားအစာတွေ သွားစား အလှူပေး ပြီးလို့ရှိရင် သွားသောက် ဖျော်ရည်ပေါ့နော်။ အဲဒီမှာ ဒီ တစီးထီ တိုက်တဲ့အခါကျတော့ အဲလိုမျိုးဆိုရင် ကိုယ်က ဘုန်းကြီးကျောင်းတက်ပြီးလို့ရှိရင် တရားနာပြီးလို့ရှိရင် အကုန်လုံး သွားကြတာပဲ။ အကုန်လုံးသွားသောက်ကြတယ်။ ကလေးရော၊ လူကြီးရော၊ ဒီ လူပျိုမောင်မယ် တွေရော အကုန်သောက်တယ်။
ကိုအောင်မိုးမြင့်။ ။ တစီးထီခေါ် ဆေးတော်ပွားရည်ကို ခုထက်ထိ မြို့ပေါ်မှာရော ကျေးလက်ဒေသတွေမှာပါ စိမ်သောက်ကြတာရှိကြပါသေးတယ်။ ပအိုဝ်းလူမျိုးတွေရဲ့ ကျေးရွာ ရောက်လာပြီဆိုရင် ပထမဆုံး ဧည့်ခံများကတော့ ရေနွေးကြမ်းခေါ် လက်ဖက်ရည်ကြမ်းဖြစ်ပြီး ဒုတိယ ဧည့်ခံတဲ့ အစားအသောက်ကတော့ တစီးထီခေါ် ဆေးတော်ပွားရည်ပဲဖြစ်ပါတယ်။
ကိုအောင်ကျော်။ ။ အခု တင်ဆက်သွားတာကတော့ ပအိုဝ်းလူမျိုးတို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တစီးထီခေါ် ဆေးတော်ပွားရည်အကြောင်းပဲ ဖြစ်ပါတယ်။ သောတရှင်အပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား။
No comments:
Post a Comment