ရှုံးနှိမ့်ခြင်းမှ သင်ယူသင့်တဲ့ သင်ခန်းစာတစ်ခု

ခွန်ရာဇာ | အမြင်ဆောင်းပါး
နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြုလုပ်တာတော့ရှိခဲ့ပါတယ်၊ ဒါပေမယ့် ဒီမိုကရေစီစနစ်အကူးပြောင်းကို ပြုလုပ်တာ ၂၀၁၀ ခုနှစ်က စတင်တာပါ။ ပအိုဝ်းတစ်မျိုးသားလုံးအတွက် ကံကြမ္မာရယ်လို့ပြောလို့မရသလို အနာဂတ်တစ်ခုလုံးအတွက် ပအိုဝ်းနိုင်ငံရေးမှေးမိန်သွားမှာလည်း မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီထဲမှာ ပအိုဝ်းနိုင်ငံရေးအတွက် သင်ခန်းစာယူသင့်ယူထိုက်တဲ့နေရာမှာ ယူရသလို အသစ်တဖန် အမှားပြင်ဆင်ခွင့် ရရှိတာဖြစ်ပါတယ်။

ပအိုဝ်းလူမျိုးဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိ ခဲ့ပါတယ်။ ဒါကို ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဖက်ပြီး အပေးအယူလုပ်ကာ ယှဉ်ပြိုင်ကြတာပါ။ ဒီထဲမှာ အတွင်းသိ သို့မဟုတ် ခံလိုက်ရတဲ့သူတွေရဲ့ပြောစကားအပြင် ထိပ်သီးခေါင်းဆောင်တွေ ပြောပြချက်အရလည်း နားရေဝအောင် သင်ခန်းစာတစ်ခု ရခဲ့ပါတယ်။ တောင်ကြီးမြို့ကို ဘာကြောင့်ဝင်ရောက်ယှဉ်ပြိုင်မှု မရှိတာလဲ၊ တစ်သီး ပုဂ္ဂလ ဝိဇ္ဇာအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခိုင်းပြီး ဘယ်သူက ရွေးကောက်ပွဲနီးကပ်ချိန်မှာ ဝိဇ္ဇာတုကို မဲမထည့်ဖို့ တိုက်တွန်းနိုးဆော် ခြိမ်းခြောက်ခဲ့သလဲဆိုတာ ပအိုဝ်းအရေး စိတ်ဝင်စားသူတွေက အသိဆုံးပါ။

နောက်ဆုံးတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကိုဘဲ ကျေနပ်လိုက်ရတာဖြစ်ပြီး တောင်ကြီးမြို့နယ်ရှိ ပအိုဝ်းလူမျိုးတွေက မထည့်ချင်ပေမယ့် စိတ်နာနာနဲ့ထည့်ပေးလိုက်ရတယ်။ အာဏာရှိသူက အနိုင်ရတယ်။ ပြည်သူရဲ့ဆန္ဒကို လျစ်လျူရှုခံခဲ့ရပါတယ်။ ဒါကို ဘယ်သူသိနိုင်လဲ ခံစားရတဲ့သူနဲ့ ပအိုဝ်းနိုင်ငံရေးစိတ်ဝင်စားသူက လွဲရင် ဘယ်သူသိနိုင်ပါအုံးမလဲဗျာ။

နောက် ၁၉၉၁ ရဲ့ ဖွဲ့စည်းပုံအာဏာတွေက သက်တမ်းတစ်လျောက်လုံး အာဏာတည်နေတယ်။ ဥပဒေက သေနတ်ပြောင်းဝမှာ ရှိနေတာ ခုချိန်ထိဘဲ မလားဗျာ။ လူတစ်ဦးက အာဏာကို သက်တမ်းရှည်ကြာစွာ ရှိနေရင် အဲလူက အာဏာရှင်ဖြစ်သွားတယ် ဆိုတာကို မြန်မာနိုင်ငံရဲ့သမိုင်းမှာသာမက ပအိုဝ်းနိုင်ငံရေးသမိုင်းမှာလည်း တွေ့နိုင်ပါတယ်ဗျာ။

ဒါကတော့ ၂၀၁၀ အတွေ့ကြုံတစ်ချို့ပေါ့ဗျာ။ ပါတီတစ်ခုတည်းနဲ့ အနိုင်ရတာပါ။ အခု ၂၀၁၅ က ရွေးကောက်ပွဲ မတိုင်ခင်က ပအိုဝ်းနိုင်ငံရေးပါတီဟာ နှစ်ခုရှိသွားတယ်။ နှစ်ခု ရှိရတဲ့အကြောင်းက လိုအပ်ချက်လို့ ဆိုရမှာပါ။ အင်အားကြီး၊ အင်အားငယ်ပေါ့ အပြိုင်အဆိုင် ပအိုဝ်းဒေသမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ မပြိုင်ခင် စည်းရုံးရေးကာလမှာ အမျိုးမျိုးစည်းရုံးလှုံ့ဆော်နေကြတာပါ။

ဒီစည်းရုံးရေးကာလမှာ တစ်ဖက်သတ် အာဏာရှင်ဆန်ဆန်နဲ့ စည်းရုံးတာရှိသလို တဖက်သားကို ခြိမ်းခြောက်မှုတွေလည်း ရှိနေခဲ့ပါတယ်။ အာဏာသုံးပြီး ခြိမ်းခြောက်လို့ရတဲ့ပြည်သူတွေကို ၂၀၁၀ နည်းအတိုင်း ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။ အမျိုးမျိုးပေါ့ ပအိုဝ်းအရေး စိတ်ဝင်စားသူတိုင်းလိုလို နိုင်ငံရေးစိတ်ဝင်စားသူတွေ သိကြပါလိမ့်မယ်။

ဒါပေမယ့် ကြောက်စိတ်မရှိတဲ့ လူငယ်တွေ အမှန်တရားလိုလားတဲ့သူတွေ တရားမျှတမှု လိုလားတဲ့သူတွေက ဒီဟာကို ဆန့်ကျင်နေကြပါတယ်။ ဒါပေမယ့် အာဏာက ပြည်သူလူထုအပေါ် လွမ်းမိုးမှုတွေများနေတော့ ဘာမှမသိ အပြစ်ကင်းစင်နေတဲ့ ပအိုဝ်းပြည်သူလူထုကို အမျိုးမျိုးပြောဆို၊ အမျိုးမျိုးဝါဒဖြန့် သွေးထိုးမှုတွေကို နိုင်ငံရေးပါတီတွေက လုပ်ဆောင်နေတာကိုလည်း ရှိခဲ့ပါတယ်။

ပအိုဝ်းပြည်သူလူထုဟာ အင်မတန်ဖြူစင်ရိုးသားပြီး တောင်ယာလုပ်ကိုင်စားသောက်နေတဲ့လူမျိုးပါ။ ဒါကို အခွင့်ကောင်းယူပြီး ဟိုလိုလုပ်၊ ဒီလိုလုပ်၊ မလုပ်ရင် ဟိုလိုဖြစ်၊ ဒီလိုဖြစ်မယ်နဲ့ အမျိုးမျိုးပြောကြတာပေါ့။ ဒီလိုနဲ့ ရွေးကောက်ပွဲနေ့မှာတောင်မှ တစ်ချို့နေရာမှာ ဥပဒေနဲ့မကိုက်ညီတဲ့ လုပ်ရပ်မျိုးတွေ လုပ်နေတာကို တွေ့နေရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၀ လိုမဟုတ်ဘဲ နိုင်ငံတကာစောင့်ကြည့်လေ့လာသူ၊ ပြည်တွင်းစောင့် ကြည့်လေ့လာသူတွေနဲ့ ကျင်းပတဲ့ရွေးကောက်ပွဲတောင်မှ လက်လှမ်းမမှီတဲ့နေရာမှာတောင် ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ရှိနေသေးတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် အခုတော့ ရွေးကောက်ပွဲပြီးလို့ နိုင်ရှုံးရလဒ်တွေ ထွက်ပေါ်လာပါပြီ။ ဒီအပေါ်မှာလည်း ကိုယ်နိုင်တဲ့နေရာမှာ ပျော်ပါးလို့ မနိုင်တဲ့နေရာမှာ အပြစ်ပုံချတာမျိုးတွေ အင်တာနက်လူမှုကွန်ယက် စာမျက်နှာတွေမှာ ပြန့်ကျဲနေကြတာ တွေ့ရတယ်။ သူတို့မနိုင်တိုင်း ပြည်သူလူထုရဲ့အပြစ်ဆိုပြီး ပုံချကြတယ်။ ဒါက တရားပါသလား။ ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေကို ပြန်ကြည့်သင့်ပြီး အရှုံးကို သင်ခန်းစာယူသင့်တာပေါ့။

အခု ပအိုဝ်းအင်အားကြီးပါတီက တစ်နေရာဖြစ်တဲ့ တောင်ကြီးမြိုမှာရှုံးတော့ တောင်ကြီးပြည်သူလူထုကို အပြစ်ပုံချကြတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ တောင်ကြီးဒေသမှာနေထိုင်တဲ့ ပအိုဝ်းပြည်သူတွေအပေါ် ပါတီက ဘာလုပ်ခဲသလဲဆိုတာ စဉ်းစားသင့်ပါတယ်။ facebook လူထုစာမျက်နာမှ အမျိုးမျိုးဝေဖန်ဆဲဆိုနေကြတယ်။ ဒါပေမယ့် တောင်ကြီးမြို့ပေါ်ရဲ့ ပြည်သူလူထုတွေက အပြစ်ကင်းစင်ပါတယ်။ ဒီမိုကရေစီစနစ်အတိုင်း ကိုယ့်အခွင့်အရေးကို အဆုံးရှုံးမခံဘဲ နိုင်ငံသားပီသစွာနဲ့ မဲထည့်ခဲ့ကြတယ်။

ဒါပေမယ့် ပအိုဝ်းလူမျိုးဖြစ်ပြီး ပအိုဝ်းပါတီကိုယ်စားလှယ်ကိုဘဲ မဲထည့်ရမယ်ဆိုတာက လူမျိုးကြီးဝါဒ ဆန်လွန်းပါတယ်ဗျာ။ ပအိုဝ်းပြည်သူလူထုက မိမိကောင်းကျိုး ပြည်သူလူထုနှင့် တိုင်းပြည်ကောင်းကို ကျိုးစားဆောင်ရွက်မယ်လို့ ထင်ရတဲ့ ကိုယ်စားလှယ်တွေကို သူတို့လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။

ဆိုတော့က အခုပီအဲန်အို (PNO) ပါတီဟာ ပအိုဝ်းလူမျိုးအများဆုံး နေထိုင်တဲ့ တောင်ကြီးမြို့မှာ ဝင်ရောက်ယှဉ် ပြိုင်တာ ဘာလို့မနိုင်တာလဲဆိုတာ သိသလောက်ထောက်ပြပေးပါမယ်။

၁။ တောင်ကြီးမြို့နယ်မှာ ပီအဲန်အို က သိမ်းဆည်းထားတဲ့ မြေယာတွေ အဲဒီပြဿနာကို ဖြေရှင်းပေးမှု ယခုထိ အောင်မြင်မှု မရှိသေးဘူး။
၂။ ပီအဲန်အို မဲဆွယ်စည်းရုံးချိန်မှာ မဟာမိတ်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကိုသာ မဲထည့်ပေးဖို့ တိုက်တွန်းပြီး ပအိုဝ်းအချင်းချင်းဖြစ်တဲ့ ပအမဖ ပါတီကို ပုတ်ချခြင်း။
၃။ ပြည်သူလူထုတွေကို အထင်သေးပြီး လုပ်ထုံးနည်းလမ်းဟောင်းအတိုင်း ပြုလုပ်နေခြင်းနဲ့ ပညာတတ်လူငယ် တွေကို လက်တွဲရန် အင်အားမရှိတာတို့ကြောင့်လို့ ကျနော်သုံးသပ်မိပါတယ်။

မြေသိမ်းမှုတွေကို ပြောပြရမယ်ဆိုရင် နောင်ကား၊ ဖက်ကွန်၊ ထီဟန်းဆွေး၊ ညိုမီး၊ ဘန်ကွဲ ဆိုတဲ့ဒေသတွေမှာ သိတာထင်ရှားတဲ့ နေရာဖြစ်လို့ သိကြမှာပါ။ ဒါကို ပြည်သူလူထုကျေနပ်အောင် ဆောင်ရွက်ပေးတာတွေ အခြားပါတီအစုအဖွဲ့တွေ ရှိခဲ့သေးတာကြောင့် အားကိုးရမယ့်အခြားပါတီတွေကို ပြည်သူလူထုက ရွေးချယ်မှာဘဲဆိုတာ စဉ်းစားသင့်ပါတယ်။

နောက်တစ်ခုက စစ်အာဏာရှင်လက်ထက်ကတည်းက အုပ်ချုပ်လာခဲ့ပြီး စစ်ယူနီဖောင်းပြောင်းပြီး အရပ်ဝတ်နဲ့ အုပ်ချုပ်နေတဲ့နိုင်ငံကို မကြိုက်တော့တဲ့ ပြည်သူလူထုကို စစ်တပ်တပိုင်းယူနီဖောင်းနဲ့ ပါတီထောင်တဲ့ ကြံ့ခိုင်ရေးပါတီကို မဟာမိတ်ပါတီဆိုပြီး ကိုယ်မပြိုင်တဲ့နေရာမှာ ကြံ့ခိုင်ရေးကို မဲထည့်ပေးဖို့ စာနဲ့သော်လည်းကောင်း၊ နုတ်နဲ့သော်လည်းကောင်း တိုက်တွန်းနိုးဆော်နေတဲ့ဟာကို ပြည်သူလူထုက ကြိုက်နှစ်သက်မှု မရှိတာကိုလည်း သတိမှုဖို့ သင့်ပါတယ်။

၂၀၁၀ ကတည်းက သင်ခန်းစာယူသင့်တာကို ဆက်လက်ပြီး နည်းလမ်းဟောင်းအတိုင်း ကျင့်သုံးနေတာလည်း ပါပါတယ်။ နောက်တစ်ခုက ပအိုဝ်းပြည်သူလူထုတွေဟာ တောင်ယာစိုက်ပျိုးလုပ်ကိုင်စားသောက်တဲ့အတွက် စာဖတ်မှု အားနည်းတယ်။ အထွေထွေဗဟုသုတတွေ လေ့လာဖို့ အချိန်မရခဲ့ဘူး။ လူကြီးပြောသမျှ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အလွယ်တကူယုံကြည်ကြတယ်။ လူကြီးစကားနားထောင်ကြတယ်။ ဥပမာပြောရရင် နဂါးနဲ့ ကြံ့ခိုင်ရေးကို မဲထည့်ပေးပါ ဆိုတဲ့ တိုက်တွန်းချက်အပေါ်မှာပေါ့။ လူထုက မဲပေးတဲ့နေ့မှာ နဂါးကော ခြင်္သေ့ကော တံဆိတ်ထုလိုက်တယ်။ ပြီးတော့ ပယ်မဲဖြစ်သွားတယ်ဆိုတာကို လိုက်ပြီးစုံစမ်းစေချင်ပါတယ်။ ဟုတ် မဟုတ်ဆိုတာကိုပေါ့။

ပီအန်အိုအနေဖြင့် ခေတ်ပညာတတ်လူငယ်တွေ ကျေးရွာမှာဆင်းပြီး အသိပညာတွေ ဖြန့်ဝေတာကို မကြိုက်တဲ့အပြင် မကောင်းတဲ့ဝါဒတွေ အမျိုးမျိုးဖြန့်တယ်၊ ကျေးရွာတွေကို ဝင်လို့မရအောင်လုပ်တယ်၊ လူငယ်တွေဝင်ရောက် ပညာပေးလုပ်ငန်းတွေလုပ်ရင် ပအိုဝ်းလူမျိုးတွေ စည်းလုံးမှုပျက်စေမယ် စသဖြင့် အမျိုးမျိုးပေါ့။ ဆိုတော့ ပအိုဝ်းလူငယ်တွေ အဲဒီလို မြင့်မြတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်တာ ကူညီပံ့ပိုးပြီး လက်တွဲအားပေးရမယ့်အစား မကောင်းမှုတွေ မတရားမှုတွေ လုပ်လို့မရမှာစိုးလို့ အမျိုးမျိုးပိတ်ပင်တားဆီးနေတော့ ပအိုဝ်းပြည်သူလူထုဟာ ဘယ်မှာအသိ အမြင်တွေ တိုးတက်လာမှာလဲ။

ဟိုနားထောက်ပြရင်လည်း မကောင်းမြင်၊ ဒီနားထောက်ပြရင်လည်း မကောင်းမြင်ဆိုတော့ ပအိုဝ်းလူမျိုးဆိုတာ ဘယ်မှာ တိုးတက်တော့မှာလဲဗျာ။ လူငယ်တွေ ပြည်သူလူထုတွေက အခွင့်ရေးတွေ ဆုံးရှုံးနေတယ်လေ။ အခွင့်အရေးတွေ ဖန်တီးပေးရမယ့်အစား ပိတ်ပင်လိုက်တော့ ယုံကြည်မှုဆိုတာလည်း တဖြည်းဖြည်းလျော့သွား မှာပေါ့။ ပအိုဝ်းလူမျိုးဟာ သွေးစည်းတယ်။ ငါတို့လုပ်လိုက်ခိုင်းလိုက် ပြောလိုက်ရင် ရတယ်ဆိုတဲ့ ငါတို့ကို ထပ်အသုံးပြုနေအုံးမယ်ဆိုရင် ၂၀၂၀ မှာလည်း နိုင်မှာမဟုတ်ပါဘူးဗျာ။

အခု facebook စာမျက်နှာမှာ ဝေဖန်ပြစ်တင်နေတဲ့ တောင်ကြီးမြို့နယ်နေ ပအိုဝ်းပြည်သူလူထုက တာဝန်မကျေခဲ့ဘူး၊ အမျိုးမချစ်ဘူးဆိုတာ သေသေချာချာလေ့လာပြီးမှ ပြောရင် ပိုပြီးအဆင်ပြေလိမ့်မယ်။ facebook စာမျက်နှာမှာဘဲ ဖွမယ် ဆဲမယ် ပြောမယ်ဆိုရင် ပအိုဝ်းလူမျိုးအကြောင်း မသိသေးတဲ့သူက ပိုပြီးတော့ ပအိုဝ်းလူမျိုးကို အထင်သေး အမြင်သေးပါလိမ့်မယ်။

ပအိုဝ်းလူမျိုးက မညံ့ပါဘူး။ တာဝန်မကျေခဲ့ဘူးဆိုတဲ့ စကားကို အရင်ပြောတဲ့သူကကော အထက်လူကြီး တွေကကော ပအိုဝ်းပြည်သူလူထုတွေအပေါ် ဘာကောင်ကျိုးတွေ လုပ်ဆောင်ပေးခဲ့ပြီး ပအိုဝ်းပြည်သူတွေအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးခဲ့ပါသလားဆိုတဲ့ မေးခွန်းကို စဉ်းစားအဖြေရှာ စေချင်ပါတယ်ခင်ဗျာ။



No comments: