ရိုက်နှက်ညှဉ်းပန်းခံခဲ့ရသည့် မောင်ထိပ်ကွက်နှင့် မေးမြန်းခန်း

By နော်နိုရင်း | July 7, 2011

အရိုက်ခံရတဲ့ မောင်ထိပ်ကွက် (ဓာတ်ပုံ-DVB)
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ လျှပ်စစ်မီးပူနဲ့ထိုးတာအပါအဝင် အပြင်းအထန်နှိပ် စက်ခံရလို့ ဒဏ်ရာတွေနဲ့ ဆေးရုံတက်ရတဲ့ ၉ နှစ်အရွယ် မိဘမဲ့ ကလေးငယ်လေး အတွက် ရှေ့နေ မောင်မောင်ကြည်ဝင်းက လိုက်ပါဆောက်ရွက် ပေးနေတယ်လို့ သိရပါတယ်။

မောင်ထိပ်ကွက် အရိုက်အနှက်ခံရတာနဲ့ပတ်သက်လို့ ရိုက်နက်သူ you and me လက်ဖက်ရည်ဆိုင်ရှင်သမက် ကိုစနိုးကို ဒီနေ့ စစ်ဆေးတယ်လို့ သိရပါတယ်။

မနေ့ကတော့ ဒီအမှုကို ကျေအေးပေးဖို့ ကိုစနိုး မိသားစုဝင်တွေက မောင်ထိပ်ကွက်ရဲ့ အုပ်ထိန်းသူတွေကို ငွေ ၅ သိန်းနဲ့ ကျေအေးခိုင်းပါတယ်။ မောင်ထိပ်ကွက်ကိုယ်တိုင် မကျေအေးတဲ့အတွက် ဒီနေ့ ကိုစနိုးကို ဆက်လက်စစ်ဆေးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

မောင်ထိပ်ကွက်ဟာ ဒဏ်ရာအနည်းငယ်သက်သာသွားပြီဖြစ်ေ
ပမယ့် ဗိုက်မှာ မီးပူနဲ့ထိုးခံရတဲ့ ဒဏ်ရာမပျောက်သေးဘူး ဖြစ်နေပါတယ်။

ကလေးငယ်ဟာ ဟင်္သာတမြို့နယ် ကနောင်စုရပ်ကွက် ပိတောက်လမ်းသွယ်ရှိ အဒေါ်ဖြစ်သူ မစမ်းဌေးအိမ်မှာ လက်ရှိတည်းခိုနေပြီး အနာတွေပျောက်ကင်းအောင် အဒေါ်ဖြစ်သူတွေက ကူညီပေးနေပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာနဲ့ပတ်သက်လို့ မောင်ထိပ်ကွက်ကို မေးမြန်းထားပါတယ်။

ဟဲလို သားသားလေး နေကောင်းလား။

“ကောင်းတယ်။”

သားလေးနာမည် ဘယ်လိုခေါ်လဲ။

“စိုးထက်အောင်”

စိုးထက်အောင် နောက် နာမည်တခု ရှိသေးတယ် ဟုတ်လား။

“ထိပ်ကွက်။”

သားက အခု အသက် ဘယ်နှနှစ်ရှိပြီလဲ။

“၉ နှစ်။”

အခု သားက ဘယ်မှာ နေလဲ။

“အဒေါ်တို့အိမ်မှာ အဒေါ်မသန်းဌေး။”

သားမေမေ ဖေဖေကော ရှိလား။

“အမေအဖေ သေသွားပြီ။”

သားသားက ဒေါ်လေးနဲ့ နေတာပေါ့။

“ဟုတ်”

အခု သားသားက ကျောင်းတက်သေးလား။

“ကျောင်းပြန်တက်မယ်။”

သားက ဘယ်နှစ်တန်းအထိ ကျောင်းတက်ခဲ့လဲ။

“၂ တန်းကတည်းက ကျောင်းထွက်လိုက်တယ်။”

သားက အခု ယူအန်မီ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တယ်ဆိုတာ ဟုတ်လား။

“ဟုတ်ကဲ့”

သားသားကို ဘယ်သူက သွင်းပေးတာလဲ။

“သူက သားကို အတင်းပဲ ခေါ်လာခဲ့တာ။ ၁ လကို ၁ သောင်းခွဲ ပေးမယ် ဆိုပြီးတော့၊ သားက မလုပ်ပါဘူးဆို သားကို အတင်းကြီး ခေါ်သွားတယ်။ သူက သားကို တနေ့ ၂၀၀ ပဲ ပေးတယ်။”

အဲဒီ ရတဲ့ ၂၀၀ ကို သားသား ဘယ်သူ့ကို ပေးလဲ။

“သား မုန့်ဝယ်စားတယ်။”

အဲဒီတော့ သားက ဘယ်လို အလုပ်မျိုးကို လုပ်ရတာလဲ။

“သူက လူတွေဘာတွေ ခေါ်ခိုင်းတယ်။”

လူခေါ်ခိုင်းတော့ သားသား ဘာလုပ်ရလဲ။ အဲဒီ လက်ဖက်ရည်ဆိုင်မှာ သားသား ဘာလုပ်ရလဲ။

“လက်ဖက်ရည်တွေ ဘာတွေ မှာပေးရတယ်။”

အဲဒီဆိုင်မှာ သားသား လုပ်ရတာ ပျော်လား။

“မပျော်ဘူး။”

သားသားကို ဘယ်သူက ရိုက်တာလဲ။

“အဲဒီ စနိုးက သားကို ရိုက်တာ။”

သူက ဘာဖြစ်လို့ ရိုက်တာလဲ။

“သားက အဲဒီဆိုင်မှာ မနေချင်လို့ ထွက်သွားတာ။ သားကို ဘူတာလိုက်ခေါ် ပြီးတော့ ရိုက်တာ။ သူ့မိန်းမနဲ့ သူတို့ လင်မယား ၂ ယောက် ဆိုင်ကယ်ပေါ် ခွထိုင်ပြီး ခေါ်သွားတယ်။”

သားသားက သူ့ခွေးကို သွားရိုက်လို့ဆို။

“သားက သူ့ခွေးကို မရိုက်ဘူး၊ သားကုတ်ပေါ်တက်လို့ ဖြည်းဖြည်းပဲ သားက ရိုက်ချလိုက်တာ။”

သားသားက ရိုက်ချတော့ သူက သားသားကို ဘယ်လို ပြန်ရိုက်လဲ။

“သားကို စရိုက်တုန်းက နောက်ပြန်မီးကြိုးနဲ့ အရင်တုပ်တယ်။ တုပ်လည်း တုပ်ပြီးရော မီးကြိုးက အိကျပြီးသွားတော့ ဆိုက်ကားတွေ ဘာတွေ ချည်တဲ့ ကြိုးအထူးကြီးနဲ့ သားကို နောက်ပြန်တုပ်ပြီးတော့ မာလာကိုင်းနဲ့ ရိုက်တာ”

သားသားကို မီးပူနဲ့လည်း ထိုးတယ်ဆို။

“မီးပူနဲ့ မာလာကိုင်းနဲ့ သံချွန်တွေနဲ့လည်း ထိုးတယ် သားကို။ သွပ်ကြိုးကို မီးခြစ်နဲ့ ရှို့ပြီးတော့ သားကို တို့တယ်။ ရေနံဆီနဲ့ မီးပူနဲ့ မီးခြစ်နဲ့ ရှို့ပြီးတော့ သားကို တို့တယ်။ နောက်ပြီးတော့ ခွကို မီးရှို့ပြီးတော့ တို့တယ်။ နောက်ပြီးတော့ အအေးသောက်တဲ့ ပိုက်လုံးလေး မီးရှို့ပြီးတော့ တို့တယ်။ နောက်ပြီးတော့ သူကျွေးတဲ့ ခွေးချေးကို သားစားရတယ်၊ မျိုရတယ်။”

အဲဒီတော့ သားကိုလည်း သူ ခွေးချေးကျွေးသေးတယ်။

“ဟုတ်၊ ခွေးချေးကျွေးတယ်၊ ခွေးချေးကျွေးပြီးမှ သားကို ထုပ်တန်း ဆွဲထားတုန်းမှာ မီးပူနဲ့ ထိုးပြီးမှ သူ့မိန်းမကပါ ရိုက်တယ်။ သူ့မိန်းမက သူ့ယောကျာ်းရိုက်ပြီးမှ သားကို ဆက်ရိုက်တယ်။ နောက်ပြီးတော့ သားကို တညလုံး ရိုက်တယ်”

ကြိုးနဲ့လည်း ချည်ထားတယ်ဆိုတော့ ဘယ်အချိန်မှာ ပြန်ဖြည်ပေးလဲ။

“မနက်ကျတော့ သူ့ယောက်ျားက ဖြည်ပေးတယ်။”

မနက်ဖြည်ပေးတော့ သားသား ဘယ် ထွက်ပြေးလဲ။

“ထွက်မပြေး ဘူး။ အဲဒီမှာ ၂ ရက်လောက် နေသေးတယ်။ ၂ ရက်လောက် နေပြီးမှ အနာတွေ ကိုက်ခဲလို့ ဆိုပြီး သားကို ပရုတ်ဆီတွေ ဘာတွေလူးပေးတယ်။ ပရုတ်ဆီ လူးရင် ပိုဆိုးတော့ သားထွက်ပြေးတာ။ ဦးလေးအိမ် သွားပုန်းနေတာ။”

သားသားကို ရိုက်ပြီးတော့ အနာတွေဘာတွေ ရတော့ သူက ဆေးမကုပေးဘူးလား။

“ကုပေးတယ် ဆေးရုံတင်ပေးတယ်။”

အခု သားသား ဆေးရုံတက်ရတယ်ဆို အဲဒါ သားသားကို ဘယ်သူ လိုက်ပို့လဲ။

“ဆိုက်ကားတွေ ဘာတွေ ငှားပြီးတော့ လိုက်ပို့တယ်။”

ဘယ်သူက ဆိုက်ကားငှားပြီးတော့ လိုက်ပို့တာလဲ။

“အဲဒီမှာ အမှတ် ၁ စခန်းက ဗိုလ်လေ။း သားကို ဓာတ်ပုံတွေ ဘာတွေ ရိုက်ပြီး အမှုဖွင့်ပြီးတော့ သားကို လိုက်ပို့တာ။”

သားသား ဘယ်နှရက်ဆေးရုံမှာ နေခဲ့ရလဲ။

“၆ ရက်”

အဲဒီမှာ ၆ ရက်လောက် နေတော့ ဘယ်သူက သားသားကို ပြုစုပေးလဲ။

“စနိုးအမေက ပြုစုပေးတယ်။ စနိုးအမေက အကုန်ခံတော့မှ အဲဒီကလူတွေ ထမင်းလည်း လာမပို့တော့ဘူး။ အဒေါ်တွေကလည်း စောင့်ပေးတယ်၊ ထမင်းလည်း လာပို့ပေးတယ်။”

အခု သားသား ဆေးရုံဆင်းလာတော့ သားသားအနာ သက်သာသွားပြီလား။

“ကျောကုန်းတွေ နည်းနည်းတော့ သက်သာသွားတယ်။ ဒီဘက် ဗိုက်ဘေးနာက ဥစ္စာ ပိုဆိုးနေတယ်။”

ဆေးတွေ ဘာတွေကော ဘယ်သူမှ ထည့်မပေးဘူးလား။

“အဒေါ်တွေက ထည့်ပေးတယ်၊ ဆေးရုံက ပေးတဲ့ ဆေးတွေ။”

သားသားကို အဲဒီလိုမျိုး ရိုက်တုန်းက သားသားအော်သေးလား။ သူက သားသားကို ပါးစပ်ပိတ်ထားလား ဘယ်လိုမျိုးလဲ။

“ထုပ်တန်းမှာ မီးပူနဲ့ တို့တုန်းက သားအော်တယ်။ ကြိုးနဲ့ မာလာကိုင်းနဲ့ ရိုက်တုန်းက ပါးစပ်ကို အဝတ်ဆို့ပြီးတော့ ဆိုက်ကားတွေ ဘာတွေ ချည်တဲ့ ကြိုးနဲ့ ပိတ်ထားတယ်။”

သားကို ရိုက်တဲ့လူက အခု အဖမ်းခံထားတယ်ဆို ဟုတ်လား။

“ဟုတ်ကဲ့”

သားသားကို အခု ပိုက်ဆံ ၅ သိန်းပေးပြီးတော့ သူ့ကို လွှတ်ခိုင်းမယ်ဆို သားသားက သူ့ကို ခွင့်လွှတ်မှာလား။

“ခွင့်မလွှတ်နိုင်ဘူး သား အနာပျောက်တဲ့အထိ ခွင့် မလွှတ်နိုင်ဘူး။”

ဆိုတော့ သားသား ဘယ်လို ဖြစ်ချင်လဲ သူ့ကို။

“ထောင်ကျစေချင်တယ်”

အခု အဲဒီလက်ဖက်ရည်ဆိုင်ကို ပြန်သွားရမယ်ဆိုရင် သားသား ပြန်သွားမှာလား။

“မသွားဘူး၊ အဒေါ်တို့ အိမ်မှာပဲ နေမယ် ကျောင်းတက်ရမယ်။”

အခု ရဲကကော သားသားကို ဘယ်လို အမှုနဲ့ ဆက်ပြီး စွဲပေးလဲ။

“သူက သားမွေးစား ပထွေးနဲ့ အဒေါ်တွေနဲ့ အမှုဖွင့်ပေးတယ်။ အမှုဖွင့်တုန်းက သားကို ရဲတွေက မုန့်တွေဘာတွေ ဝယ်ကျွေးတယ်။ မနေ့က တရားရုံးကို သွားတာ။”

သားသား ဘာပြောခဲ့သေးလဲ တရားရုံးကို။

“တရားရုံး မှာ သားကိုလုပ်ခဲ့တာတွေ အကုန်ထည့်ပြောတယ်။ ခွေးချေးကျွေးတဲ့ ဥစ္စာတွေရော၊ သံချွန်နဲ့ တို့တာတွေ၊ မီးပူနဲ့တို့တာ၊ သားကို မီးချွန်နဲ့တို့တာတွေရော နောက်ပြီးတော့ ပိုက်လုံးမီးရှို့ပြီး တို့တာတွေရော အကုန်ထည့်ပြောတယ်။”

သားသားကို အဲဒီလိုမျိုး လုပ်တဲ့အချိန်မှာလေ သူ အရက်မူးလား။

“အရက် သောက်တယ်။ သူ့မိန်းမကို ၅ ချက်ရိုက်စမ်း မီးတဲ့။ သူ့ကို ၅ ချက်လောက် ရိုက်စမ်းတဲ့။ မီးရိုက်တာ မနာဘူး၊ ကိုယ်ရိုက်တာ နာတယ်တဲ့။ နောက်ပြီးတော့ ဆက်တိုက်ဆက်တိုက် ရိုက်တယ်။ သားက အော်လည်း အော်တယ်။ သူ့ယောကျာ်းကလည်း ရိုက်တယ်။”

တရားရုံးကနေပြီးတော့ သားသားကို ရိုက်တဲ့လူကို အပြစ်ဘယ်လို ပေးစေချင်လဲ သားသားအနေနဲ့။

“ထောင်ထဲမှာ အကြာကြီး ချုပ်ထားချင်တယ်။”

သူက သားသားကို ပိုက်ဆံအများကြီး ပေးပြီးတော့ သူ့ကို လွှတ်ပါလို့ ပြောရင်ကော သားသား လွှတ်ပေးမှာလား။

“သား လွှတ်မပေးဘူး၊ ကျေအေးလက်မှတ်လည်း မထိုးဘူး။”


ီDVB မှကူးယူဖေါ်ပြပါသည်။

No comments: