ရှေးခေတ်ဂျပန်ဓါး သယ်ဆောင်လာသည့် ရွာသားနှစ်ဦး တောင်ကြီးမြို့အမှတ်(၁) ရဲစခန်းမှ နှစ်ညထိန်းချုပ်ခြင်းခံရ

ခွန်ထီးခမ်း | ဖေဖေါ်ဝါရီလ ၂၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပြီးခဲ့သော ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုမှ ရွာသားနှစ်ဦးသည် တောင်ကြီးမြို့သို့ ရှေးခေတ်ဂျပန်ဓါးနှင့် ရေခရားအိုး ကိုသယ်ဆောင်လာ၍ မြို့အ၀င် သစ်တောဂိတ်မရောက်ခင်၌ ယာဉ်ထိန်းရဲက ယာဉ်မောင်းလိုင်စင် စစ်ဆေးရာမှ ငွေနှစ်သောင်းခွဲ တောင်းခဲ့သည်။

ထိုသို့တောင်းခံခြင်းကို ရွာသားနှစ်ဦးက မပေးနိုင်သောကြောင့် တောင်ကြီးမြို့အမှတ် (၁) ရဲစခန်းတွင် နှစ်ညထိန်းချုပ်ခြင်း ခံခဲ့ရသည်။

“ရဲစခန်းမှာ သူတို့တွေနဲ့နေနေရတယ်။ ရောက်ရောက်ချင်းမှာတော့ အပြင်ကို ဖုန်းအဆက်အသွယ် ပေးမလုပ်ဘူး။ နောက်နေ့ နေ့လည်မှ အိမ်ကိုဖုန်းဆက်သွယ်ခွင့်ပြုတယ်” ဟု အသက်သုံးဆယ်ခန့်ရှိ ထိမ်းချုပ်ခံရသည့်ရွားသား တစ်ဦးက ပြောသည်။

အိမ်ကို ဖုန်းဆက်သွယ်ရာတွင်လည်း ရဲများက ငွေများကို တစ်ခါတည်းယူလာခိုင်းပါရန် ပြောခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ”ရေမလာသေးဘူးလား၊ ဘဲက ရေကူးချင်နေပြီ” ဟု ရဲများက ထိန်းချုပ်ခြင်းခံရသော ရွာသားနှစ်ဦးကို ပြောခဲ့ကြောင်း သိရသည်။

ရဲများသည် ရွာသားနှစ်ဦးအား ဆိုင်ကယ်လိုင်စင် မရှိသောကြောင့် ထိန်းချုပ်ထားခြင်းမဟုတ်ပဲ ရှေးခေတ်ဓါး အရောင်းအ၀ယ်ကိစ္စကြောင့် ထိန်းချုပ်ထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီ (၁၈) ရက် ည ၁၁ နာခန့်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ဦးသီလက သွားရောက်ညှိနှိုင်းပေးရာတွင် ရဲစခန်းမှ ကျပ်ငါးသိန်း တောင်းသည်ကို ငါးသောင်းပေးခဲ့ရပြီး ကျေအေးလက်မှတ်ရေးထိုးခဲ့ရသည်ဟု သိရသည်။

ရဲများက ထိုရွာသားနှစ်ဦး၏ ဖိနပ်နှင့် ဆိုင်ကယ်ဦးထုပ်များကိုလည်း အဟောင်းများနှင့် လဲယူခဲ့သည်ဟု သိရသည်။ တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ (၁၇) ရက်နေ့မှ စပြီး ဆိုင်ကယ်လိုင်စင်များ ထုတ်ပေးလျှက်ရှိပြီး ယာဉ်ထိန်းရဲများကလည်း မကြာခဏ မြို့အ၀င်များတွင် လိုင်စင်များ စစ်ဆေးလျှက်ရှိသည်။

1 comment:

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။