ကရင်နီအမျိုးသားခေါင်းဆောင် ထဲဘူးဖဲ ကွယ်လွန်

ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) ကြာသာပတေးနေ့, 27 ဇန်န၀ါရီလ 2011

နာမကျန်း ဖြစ်နေသော ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီး ထဲဘူးဖဲသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ဆေးရုံ၌ တပတ်ကြာ ဆေးကုသမှု ခံယူနေရာမှ ယနေ့ ညနေ ၃ နာရီ ၂၅ မိနစ် အချိန်တွင် ကွယ်လွန်သွားပါသည်။

လက်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဥက္ကဌလည်းဖြစ်၊ ကရင်နီနိုင်ငံတော်အစိုးရ ၀န်ကြီးချုပ်လည်း ဖြစ်သည့် အသက် ၇၄ နှစ်အရွယ် ထဲဘူးဖဲသည် လည်ချောင်းကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့ရကြောင်း ဆရာဝန်တို့၏ အတည်ပြုချက်ကို မိသားစုဝင်များက ကန္တာရ၀တီတိုင်း(မ်)ကို ပြောပြသည်။

“သူ့ရောဂါက ကင်ဆာလို့ ပြောတယ်။ သူက ဆေးရုံ ရောက်သွားတာ နောက်ကျသွားတယ်။ ချင်းမိုင်ဆေးရုံထိ ရောက်သွားတယ်လေ။ သူဟာက အခြေအနေ တော်တော်ဆိုးလို့ သူ့ဦးနှောက်ထဲအထိ ပိုးရောက်တယ်တဲ့။ သူ့ရောဂါ ဖြစ်တာ ကြာပြီ။ ဒါပေမဲ့ ကျမတို့ကို မပြောပြဘဲ နေခဲ့တယ်” ဟု ထဲဘူးဖဲ၏ စတုတ္ထမြောက် သမီးဖြစ်သူ မော်သဲမာက ပြောပါသည်။

ထဲဘူးဖဲသည် ကရင်နီ ပြည်သူလူထုတို့၏ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ကေအဲန်ပီပီ ဥက္ကဌ သက်တမ်းအား ၃ ကြိမ်တိုင်တိုင် ရွေးချယ်တင် မြှောက်ခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ၁၁ ကြိမ်မြောက် ကရင်နီအမျိုးသား ပါတီကွန်ကရက်တွင် ပါတီဥက္ကဌအဖြစ် ထပ်မံ ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရပြီး ပါတီ ဥက္ကဌအဖြစ်လည်းကောင်း၊ ၀န်ကြီးချုပ် အဖြစ်လည်းကောင်း ယနေ့ ကွယ်လွန်ဆုံးပါး သွားသည့်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။

ထဲဘူးဖဲသည် ၁၉၆၀ ခုနှစ်က ရန်ကုန် တက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံဘွဲ့ ရယူခဲ့ပြီး ကရင်နီစာပေ တီထွင်ခဲ့ရာ မဆလ အစိုးရမှ လက်မခံဘဲ ပိတ်ပင်ခဲ့သည့်အတွက် ကရင်နီတော်လှန်ရေးအဖွဲ့ ဖြစ်သည့် ကေအဲန်ပီပီထဲသို့ ၀င်ရောက်လာခဲ့ပြီး စာပေအား ဆက်လက်တီထွင် လာခဲ့သည်။

“သူဆုံးသွားတာ စောလွန်းတယ်။ အခုမှ အသက် ၇၄ နှစ်ဘဲ ရှိသေးတယ်။ အမှန်ဆို ၈၀၊ ၈၀ ကျော်အထိ နေသင့်သေးတယ်။ သူလုပ်စရာတွေ အများကြီး ရှိသေးတယ်။ အခု သူလုပ်နေတဲ့ ကရင်နီအဘိဓါန်တောင်မှ A ကနေ R အထိပဲ ရောက်သေးတယ်။ ဘယ်သူ ဆက်လုပ်မလဲ မသိဘူး” ဟု မော်သဲမာက ပြောပါသည်။

ထဲဘူးဖဲသည် ကရင်နီပြည် ဖရူဆိုမြို့နယ် ကေးလျား ကျေးရွာတွင် အဖခွီးဆူရယ်နှင့် အမိမော်ဖိုးမာတို့မှ ဖွားမြင်ခဲ့သော ပဉ္စမမြောက်သား ဖြစ်သည်။ ခွီးဆူရယ်သည် ခွီးစောဖျာ ကေးဖိုးဒူ၏ စတ္ထုထမြောက်သား ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် ကျောင်းသားကဒ်နှင့် တက္ကသိုလ် အရံတပ်ရင်း ကဒ်ပြားတို့တွင် ဖေါ်ပြထားသော ဆရာကြီး၏ မွေးနေ့ သက္ကရာဇ်မှာ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ဟု ရေးသားဖေါ်ပြထားသည်။ သို့သော် ဆရာကြီး ကတော်နှင့် မိသားစုတို့၏ ပြောပြချက်အရ ဆရာကြီး၏ မွေးနေ့ အမှန်မှာ ၁၉၃၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ကြောင်း၊ အဆိုပါ မွေးနေ့မှာ ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့နှင့် တိုက်ဆိုင်နေသည့်အတွက် ကျောင်းတက်ချိန်၌ မွေးနေ့ အမှန်အား ပြောင်းလဲပစ်ခြင်း ခံရကြောင်း ဆရာကြီး သက်ရှိ ထင်ရှားစဉ်က မိသားစုအား ပြောပြခဲ့ဖူးသည်။

ကေအဲန်ပီပီမှလည်း သမိုင်းမှတ်တမ်းများ ပြုစုရာ၌ ဆရာကြီး၏ မွေးနေ့ အမှန်သည် ၁၉၃၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဖြစ်သည်ကို ပြန်လည်အသိအမှတ် ပြုမည်ဟု ဆိုထားသည်။

ဆရာကြီး ထဲဘူးဖဲ၏ ရုပ်ကလပ်အား လာမည့် တနင်္လာနေ့တွင် ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေ ကရင်နီပြည်တွင်း တနေရာ၌ သွားရောက်သဂြိုလ်သွားမည် ဖြစ်သည်။

2 comments:

  1. I believe Saya Gyi Hte Bu Phe will be in the good place because of his dedication to his people. I also hope someone will take over his unfinish work and continue to write Karanni dictionary.

    Regards and salute

    Htun Aung Gyaw
    Former ABSDF Chairman

    ReplyDelete
  2. I believe Saya Gyi Hte Buu Phe will be in a good place for his dedicated work on his people. I hope someone will take over his un-finish work and continue the Karanni dictionary.

    With Respect

    Htun Aung Gyaw
    Former Chairman
    All Burma Students' Democratic Front
    (ABSDF)

    ReplyDelete

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။