Thursday, 04 November 2010 ၊ နိုင်ငံတကာမြန်မာသတင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့သည် မြန်မာစစ်တပ်က ရွေးကောက်ပွဲများ အပြီး ယင်းတို့အထဲမှ တစ်ဖွဲ့ဖွဲ့ကို ထိုးစစ်ဆင်လာခဲ့လျှင် ပြန်လည် တိုက်ခိုက်ရန် သမိုင်းဝင် စစ်မဟာမိတ် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များသည် ပြီးခဲ့သည့် လက တွေ့ဆုံပြီး အချင်းချင်း အပြန်အလှန် ကူညီရန် အလွတ်သဘော သဘောတူညီ ခဲ့ကြသည်။
ယခု အပါတ် အင်္ဂါနေ့က ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပသည့် လျှို့ဝှက် အစည်းအဝေးတွင်မူ တရားဝင် သဘောတူညီချက် ရရှိခဲ့လေသည်။
“ရွေးကောက်ပွဲ အပြီး မြန်မာစစ်တပ်မှ ကျွန်တော်တို့ထဲက တစ်ဖွဲ့ဖွဲ့ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အခြား မဟာမိတ် အဖွဲ့တွေက ကူညီသွားဖို့ မဟာမိတ်ဖွဲ့တာ ဖြစ်ပါတယ်” ဟု အမည်မဖေါ်လိုသူ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ဆိုခဲ့သည်။
ထိုကဲ့သို့ မဟာမိတ် ဖွဲ့သော်ငြားလည်း မဟာမိတ်တပ်ဖွဲ့များ အားလုံး စုစုပေါင်းသည် မြန်မာစစ်တပ်နှင့် နှိုင်းယှဉ်လျှင် အင်အားနည်းပါးနေဆဲ ဖြစ်သည်။
မဟာမိတ် အဖွဲ့၏ အဖွဲ့ဝင်များထဲမှ အဖွဲ့သုံးဖွဲ့သည် အပစ်အခတ် ရပ်စဲရေးကို သဘောမတူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ နှင့် ချင်းအမျိုးသား တပ်ဦးတို့ ဖြစ်ကြသည်။
အခြား အဖွဲ့သုံးဖွဲ့သည် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသည့် အဖွဲ့များဖြစ်သော်လည်း၊ ၄င်းတို့၏ တပ်များအား နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ် အဖြစ်သို့ ပြောင်းလဲရန် မြန်မာ အစိုးရ၏ ညွှန်ကြားချက်ကို ပယ်ချခဲ့သူများ ဖြစ်သည်။
ယင်းအဖွဲ့သုံးဖွဲ့သည် မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းနှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့တို့ ဖြစ်ကြသည်။
သမိုင်းအစဉ်အလာအရ ယင်းလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့၏ သက်ဆိုင်ရာ နယ်မြေများကို ထိန်းချုပ်ထားကျပြီး တစ်ဦးချင်း လွတ်လပ်စွာ လှုပ်ရှား နေကြသူများ ဖြစ်သည်။
မြန်မာစစ်တပ် နှင့် ကချင်၊ မွန်၊ ရုမ်း နှင့် ၀ တပ်များအကြား တင်းမာမှုများသည် မြင့်မား လာလျှက် ရှိလေသည်။
ယခင် အပတ်က ကရင်နီတပ်သည် မြန်မာစစ်တပ်၏ ကင်းစခန်းတစ်ခုကို ၀င်ရောက် တိုက်ခိုက်ခဲ့သည့် အတွက် မြန်မာစစ်သား သုံးဦး နှင့် ဒုရဲအုပ် တစ်ဦး ကျဆုံးခဲ့လေသည်။
“ဗုဒ္ဓဟူးနေ့မှာ ထပ်တွေ့ပြီး အဖွဲ့ရဲ့တရားဝင် နာမည်ကို ရွေးချယ်ကြမယ်” ဟု ပါဝင်သူ တစ်ဦးက ပြောဆိုသည်။
No comments:
Post a Comment
ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။