ယမ်းငွေ့လည်းပြေ ဘိန်းပန်းလည်းဝေ (၃)

ဇွန်လ ၂၁ ရက်၊ ၂၀၁၀။ တနင်္လာနေ့

PNO နှင့် န၀တ အစိုးရ ငြိမ်းချမ်းရေးသဘောတူမှု ပြုလုပ်ပြီးနောက် ပအိုဝ်းဒေသတွင်း ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကြောင်းပြချက်နဲ့ ဒေသခံရွာသားများ ပိုင်ဆိုင်တဲ့ မြေယာအမြောက်အများကို သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များက အဓမ္မသိမ်းယူလာခဲ့ကြတယ်။ ဟိုပုံးမြို့မှာဆိုရင် မွေတော်ဘုန်းကြီးကျောင်းရဲ့ တောင်ဘက်မှ စပြီး နောင်ပါ့ဖာ အနောက်ဘက်အထိ ရှိတဲ့ သနပ်ဖက်ခြံတွေကို မြို့နယ်အာဏာပိုင်နှင့် စစ်တပ်တို့ မြေတိုင်းဦးစီးဌာနတို့ ပူးပေါင်းကြပြီး ၀န်ထမ်းရပ်ကွက်(၁) နဲ့ ၀န်ထမ်းရပ်ကွက် (၂) အမည်နဲ့ မြေကွက်ဖော်ပြီး ပြန်ရောင်းချခဲ့တယ်။


ဟိုပုံးမြို့ရဲ့ အရှေ့နဲ့ အရှေ့မြောက်ဘက် ဆိုရင်လည်း စစ်လေ့ကျင့်ရေးကွင်းဆိုပြီး ရွာသားများပိုင်ဆိုင်တဲ့ ဂျုံခင်းတွေ သနပ်ဖက်ခြံတွေ နွားစားကျက်တွေ ရွာသားထိန်းသိမ်းတဲ့ သစ်တောတွေ အားလုံးစုစုပေါင်း ဧက နှစ်သောင်းကျော် နစ်နာကြေးမပေးဘဲ တိုင်းဗဟိုအမှတ်(၃) လေ့ကျင့်ရေးတပ်က အဓမ္မသိမ်းယူခဲ့တယ်။ (သိမ်းယူသည့် မြေကွက်၏ မြေပုံ ကြည့်လိုပါက ကလစ်ပါ) အဲဒီသိမ်းထားတဲ့ ခြံမြေယာများကို ကျန်းစုပ်ရွာအနီးတ၀ိုက်ရှိ သိမ်းထားတဲ့ မြေယာပေါ်မှာ ရွာသားများတခုခု စိုက်ပျိုးပါက အဲဒီစိုက်ပျိုးတဲ့သူဟာ တဧက ကို ၄၀၀၀ - ၅၀၀၀ ကျပ်နှုန်းနဲ့ တိုင်းဗဟိုအမှတ်(၃)ထံ နှစ်စဉ်ဆောင်ပေးရတယ်။

ဟိုပုံးမြို့ မြို့ဦးရပ်ကွက်နဲ့ ကုလားကုန်းရပ်ကွက်က ပိုင်ဆိုင်သော ဘောလုံးကွင်းကိုလည်း ရဲ၊ စစ်တပ်၊ ကြံခိုင်ရေး၊ ဟိုပုံးမယက တို့က အကြိမ်ကြိမ် အဓမ္မသိမ်းယူခဲ့ပေမယ့် ဒေသခံ လူငယ်များနဲ့ ဆရာတော်များ ၀ိုင်းကန့်ကွက်တဲ့အတွက် အဲဒီဘောလုံးကွင်းကို ခုထိတိုင်အောင် ရပ်ကွက်လူငယ်များ ဆက်ထိန်းသိမ်းထားတယ်။ ဒါပေမယ့် မြို့နယ်အာဏာပိုင်များက ဆက်ပြီ သိမ်းယူနိုင်ရန် ကနေ့အထိ ကြိုးစားနေဆဲဖြစ်တယ်။ ဟိုပုံးမြို့ရဲ့ အနောက်ဘက်ရှိ ရန်ကင်းရွာနဲ့ လွယ်အွန်းရွာကြားမှာ ဒေသခံရွာသားများ ပိုင်ဆိုင်တဲ့ နွားစာကျက်နှင့် ယာမြေဧက ၅၀၀ ကျော်ကို ဟိုပုံးမြို့ အာဏာပိုင်နဲ့ စစ်တပ်တို့ ပူးပေါင်းပြီး သိမ်းယူကာ အဲဒီသိမ်းယူထားတဲ့မြေကို ဟိုပုံးမြို့ရှိ မြေတိုင်းဦးစီးဌာနက ပုံစံ (၁၀၅) ပြုလုပ်ပေးပြီး တိုးနီးယားကုမ္ပဏီကို ရောင်းချပေးခဲ့တယ်။ အဲဒီနေရာကို တိုးနီးယားကုမ္ပဏီက နွားမွေးမြူရေးလုပ်ငန်း ပြုလုပ်ခဲ့တယ်။

ထို့နည်းလိုဘဲ ဟိုပုံးမြို့နဲ့ ဆီဆိုင်မြို့ ဆက်သွယ်ထားတဲ့ လမ်းမကြီးတလျောက်မှာ ရှိတဲ့ နမ်းခုတ်ရွာရဲ့တောင်ဘက်၊ ဘန်းယဉ်ရွာအနီးတ၀ိုက်နှင့် ဆီဆိုင်မြို့အနီးတ၀ိုက်မှာ လည်း စစ်တပ်၊ ရဲ၊ မီးတပ်၊ ကြံခိုင်ရေး၊ မြေတိုင်းဦးစီးဌာနတို့ ပူးပေါင်းကြပြီး ဒေသခံရွာသားများရဲ့ မိရိုးဖလာကတည်းက ပိုင်ဆိုင်လာတဲ့ မြေယာခြံမြေများကို လက်နက်အားကိုး အာဏာစက်နဲ့ အဓမ္မသိမ်းယူခဲ့တယ်။ လက်ရှိဆီဆိုင်မြို့မှာ အခြေစိုက်တဲ့ ခလရ ၄၂၃ နဲ့ ခလရ ၄၂၄ တပ်စခန်းနှစ်ခုဟာ ဒေသခံရွာသားရဲ့ ဥယာဉ်ခြံမြေနဲ့ စိုက်ခင်းယာမြေများကို အဓမ္မသိမ်းယူတဲ့အပြင် အဲဒီနေရာအနီးရှိ နောင်လုံရွာကိုပါ အဓမ္မပြောင်းရွေ့စေခိုင်းခဲ့တယ်။ (ရွာသားများအသနားခံစာ ဖတ်ရှုလေ့လာလိုပါက နှိပ်ပါ)။ ခလရ ၄၂၃ နဲ့ ခလရ ၄၂၄ တပ်စခန်းမှ စပြီး တဖက်ချောင်းအထိ ဧကပေါင်းများစွာရှိတဲ့ လယ်ယာမြေများကို အဲဒီ ၄၂၃ နှင့် ၄၂၄ စစ်တပ်က အဓမ္မသိမ်းယူခဲ့ပြီး အဲဒီစိုက်ပျိုးမြေများကိုတော့ ဘယ်သူမဆို အဲဒီမြေယာပေါ်ကို စိုက်ပျိုးလုပ်နိုင်တယ်ဆိုပေမယ့် တစ်ဧကကို ၃၀၀၀ မှ ၅၀၀၀ ကျပ်ထိ နှစ်စဉ် သက်ဆိုင်ရာ တပ်မှူးများသို့ အခွန်ဆောင်ရတယ်။

ဆီဆိုင်မြို့ရှိ မယက၊ ရဲ၊ စစ်တပ်၊ ကြံခိုင်ရေး နဲ့ မြေတိုင်းဦးစီဌာတို့ အတူတကွပူးပေါင်းကြပြီး ဆီဆိုင်မြို့ မြောက်ဘက်ရှိ ညောင်ကိုင်းရွာမှ စပြီး ထီမန်းရွာအထိ ရွာသားများပိုင်ဆိုင်တဲ့ မြေယာများကို ရွာသားများ သဘောတူညီမှု မရဘဲ ဆီဆိုင်မြို့နယ် အာဏာပိုင်များက တိုးနီးယားကုမ္ပဏီကို ရောင်းချပေးခဲ့တယ်။ (ကံယံကံရှင် သဘောတူမှုမရဘဲ ရောင်းချသည့်အတွက် ဒေသခံဘုန်းကြီးများရဲ့ ကန်ကွက်စာကို ဖတ်လိုပါက ကလစ်ပါ) ထီမန်းရွာအနီးရှိ ဒေသခံများ အသုံးပြုသော ရေအိုင်အနီးဝန်းကျင်ရှိ သစ်ပင်ကြီးများကို ခရလ ၄၂၃နဲ့ ခလရ ၄၂၄ တပ်က ခုတ်လဲရှင်းလင်းပြီး အဲဒီနေရာကို ရွာသားများအား သစ်ပင်ပျိုးပင်ငယ်များနဲ့ အစားထိုး စိုက်ပျိုးစေခဲ့တယ်။

တောင်ကြီးမြို့ တောင်ဘက်ရှိ နားဗောင်ဈေးမှ အရှေ့ဘက်စူးစူး သာယာကုန်းရွာအထိ စိုက်ခင်းမြေယာ ဧက ထောင်နဲ့ ချီပြီး ဒေသခံရွာသားများ မိရိုးဖလာကတည်းက ပိုင်ဆိုင်လာခဲ့ပေမယ့် PNO က အဓမ္မသိမ်းယူခဲ့တယ်။ ယခင်က ဒေသခံရွာသားများက PNO ကို အားကိုးခဲ့ပေမယ့် PNO က နအဖ စစ်အစိုးရရဲ့ အလိုကျ ဒေသခံ ရွာသားများပိုင်ဆိုင်တဲ့ မြေယာများကို လိုက်ပြီး သိမ်းယူတဲ့အတွက် ဒေသခံရွာသားများ အားကိုးရာမဲ့ဖြစ်ခဲ့ရတယ်။ အဲဒီနောက်ပိုင်း ရွာသားများက သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များ မိမိတို့ မြေယာများကို သိမ်းယူပါက အစိုးရဌာနများကို ဘယ်လိုတိုင်ကြားရမယ်ကို မသိတော့တဲ့အတွက်ကြောင့် PNO တိုင်ကြားခဲ့ပေမယ့် PNO ကိုယ်နက်လည်း ရွာသားများ ပိုင်ဆိုင်တဲ့မြေကို အဓမ္မသိမ်းယူ ထားတဲ့ မြေယာလည်း ရှိခဲ့တဲ့အတွက် အစိုးရဌာနကို တိုင်ကြားရန် သူ့မှာ အခက်အခဲရှိပုံရတယ်။ ရွာသားများလာတိုင်တိုင်း သက်ဆိုင်ရာ PNO ခေါင်းဆောင်များက “သီးခံလိုက်ပါ သူများကို မနိုင်ဘူး၊ အစိုးရဆိုတာ ရေ၊ လေ၊ မြေ ပိုင်တယ်” ဆိုတဲ့ စကားဖြင့်သာ တိုင်ကြားသူကို နှိမ့်သိမ်လေ့ရှိတယ်။ တောင်ကြီး မြို့ အရှေ့မြောက်ဘက်တွင် ရှိတဲ့ သစ်တော်ခြံအမြောက်အများကို လည်း ဒေသဖွံဖြိုးရေး အကြောင်းပြချက်ဖြင့် အဓမ္မသိမ်းပိုက်ခြင်း ခံခဲ့ရတယ်။ တောင်ကြီးမြို့ရဲ့ အနောက်မြောက်ဘက်ရှိ အေးသာယာမြို့ အနီးမှာ ရှိတဲ့ ပန်းတကုန်းရွာအပါအ၀င် သနပ်ဖက်ခြံနဲ့ အခြားစိုက်ခင်းအမြောက်အများကို လည်း မြို့နယ်အာဏာပိုင်များက အဓမ္မသိမ်းယူပြီး ပန်းတကုန်းရွာသားကိုလည်း အဲဒီနေရာကနေ မောင်းထုတ်ခဲ့တယ်။ အဲဒီသိမ်းပိုက်ထားတဲ့ရွာသားမြေယာကို ဧဒင်ကုမ္ပဏီဆိုလား ၀ယ်ယူပြီး အေးသာယာ ကောက်ကွင်းတည်ဆောက်ခဲ့တယ်။ တအားနစ်နာတဲ့ ရွာသားတချို့က အဲဒီကောက်ကွင်းတည်ဆောက်တဲ့ ကုမ္ပဏီကို တရားစွဲတာတွေ လုပ်သေးတယ်။ ဒါပေမယ့် အဲဒီတရားစွဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နောက်ပိုင်း ဘာအစအနမှ မကြားရတော့ဘူး။

အောင်ဘန်းမြို့ရဲ့ လှည်းတန်းရပ်ကွက်အနီးနဲ့ မြို့ရဲ့ အရှေ့ဘက် ကားလမ်းမကြီးတလျောက်ရှိ ဒေသခံရွာသားများ ပိုင်ဆိုင်တဲ့ ဆူကာ ခေါ် ကော်ရခါးစိုက်ခင်းအမြောက်အများကိုလည်း စစ်တပ်က အဓမ္မသိမ်းယူခဲ့တယ်။ နောက်ပိုင်းတွင် ရွာသားများက စစ်တပ်ထံမှ တစ်ဧကကို ဘယ်နှစ်ထောင်ဆိုပြီး ပြန်ငှားယူရပြီးမှ ကော်ရခါးစိုက်ခင်းကို လုပ်ကိုင်ခွင့်ရတယ်။

ပင်းလောင်းမြို့နယ်ထဲ့က တီကျစ်ရွာ အနီးတ၀ိုက်မှာလည်း ကျောက်မီးသွေး တူးဖော်တဲ့ စီမံကိန်းနဲ့ ဘိလပ်မြေစက်ရုံတို့ရဲ့စီမံကိန်းတွေကြောင့် ဒေသခံရွာသားများ စိုက်ခင်းမြေဧက များစွာ လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ရွာသားများကို ဖိအားပေးပြီး မလောက်မငတ် နစ်နာကြေးဖြင့် မြေပိုင်ရှင်များကို အတင်းလက်ခံစေတယ်။ အထူးသဖြင့် ရှမ်းရိုးမနဂါးကုမ္ပဏီနဲ့ ဧဒင်ကုမ္ပဏီ၊ ကမ္ဘောဇဘဏ်၊ ရွှေသံလွင်ကုမ္ပဏီတို့ရဲ့ ဖိအားများကြောင့် ရွာသားများက မိမိတို့ စိုက်ခင်းများကို သတ္တုတွင်းစီမံကိန်းအတွက် ထာဝရ စွန့်လွတ်ခံခဲ့ရတယ်။

စိုက်ပျိုးမြေယာများကို အားထားပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ရွာသားများဟာ မိမိတို့ ဘိုးဘွားလက်ထက်ကတည်းက ပိုင်ဆိုင်လာသော မြေယာခြံများကို စီးပွားရေးသမားနဲ့ အာဏာပိုင်တို့ရဲ့ ဖိအားပေးအမျိုးမျိုးနဲ့ အဓမ္မသိမ်းယူတာတွေ ပြုလုပ်တဲ့အတွက်ကြောင့် ဒေသခံရွာသားများဟာ အလုပ်လက်မဲ့ တနှစ်ထက်တနှစ်များပြားလာခဲ့ရတယ်။ ဒေသခံရွာသားများဟာ ချမ်းသာတဲ့သူဟာ ဒုက္ခရောက်ခဲ့ကြရ ဆင်းရဲတဲ့သူဟာ ငတ်မွတ်မှုနဲ့ ရင်ဆိုင်ခဲ့ကြရသည်။ မိဘငွေကြေးရှိတဲ့ လူငယ်များဟာ အိမ်နီးနားချင်းနိုင်ငံများသို့ သွားရောက်ပြီး အလုပ်ရှာကြတယ်။ ငွေကြေးမရှိတဲ့ လူငယ်အများစုဟာ တောင်ပေါ်ဒေသသို့ နယ်မြေသစ်ရှာပြီး သစ်တောတွေခုတ်ရှင်း စိုက်ပျိုးရေးနယ်မြေများ ပြန်ထူထောင်ကြရတယ်။

စိုက်ပျိုးမြေယာများ မတရားသိမ်းခံရတဲ့ပြီးနောက် စားဝတ်နေရေးကြပ်တည်းတဲ့အထဲမှာ တောင်ယာထွက် သီးနှံများလည်း တင်ပို့တဲ့နေရာ ဈေးကွက်မရှိတာကြောင့် ဘိန်းစိုက်ပျိုးရေးလုပ်ငန်းကို အာရုံစိုက်လာကြတယ်။ ဘိန်းစိုက်ပျိုးရေးဟာ လုပ်အားနည်းနည်းနဲ့ အရင်းအနှီးလည်း များများမလို သယ်ယူရတာလည်း ပေါ့ပါးပြီး အချိန်တိုတိုအတွင်းမှာ ငွေအမြောက်အများ ရစေနိုင်တဲ့အတွက် လူတွေဟာ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းကို တနေ့ထက်တနေ့ လုပ်ကိုင်လာကြတယ်။

ဗွာသရား ဆိုဒ်မှ ပြန်လည်ကူးယူ ဖေါ်ပြထားခြင်းဖြစ်သည်။

No comments:

Post a Comment

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။