နောင်တရားမြို့တွင် အခြားမြို့ထက် ကျောင်းဝင်ကြေး အကုန်ကျများ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၈ ရက်၊ ၂၀၁၀။ အင်္ဂါနေ့

ယခုနှစ် ပညာသင်နှစ်တွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ အခြေခံပညာအထက်တန်းကျောင်းတွင် လာရောက်အပ်နှံသည့် ကျောင်းသားသစ်များသည် ကျောင်းဝင်ကြေးပေးဆောင်ရသည်မှာ အခြားမြို့များထက် အကုန်အကျများသည်။



အခြားကျေးရွာများရှိ အခြေခံမူလတန်းကျောင်းမှ အောင်မြင်ပြီးသော ကျောင်းသူ ကျောင်းသားများသည် နောင်တရားမြို့နယ်ခွဲ၏ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း ဆက်တက်ရန် လာရောက်အပ်နှံသည့် ကျောင်းသူ/သား အသစ်တယောက်မှာ ကျောင်းဝင်ကြေး ကျပ် ၂၀၀၀၀ ပေးဆောင်ရပြီး၊ ကျောင်းသူ/သား အဟောင်းတစ်ယောက်မှာ ကျပ် ၁၀၀၀၀ ကျော် ပေးဆောင်ကြရသည်။

လာရောက်အပ်နှံသည့် ကျောင်းသားအသစ်များမှာ ၅ တန်းကျောင်းသားအများစုဖြစ်ကြပြီး ကျောင်းဝင်ကြေး များစွာပေးဆောင်ရသည့်အတွက် ငွေကြေးနှင့် စီးပွားရေးအဆင်မပြေသည့် ကျောင်းသူ/သား မိဘတချို့မှာ မိမိတို့၏ သား/သမီးများကို ကျောင်းဆက်မထားနိုင်ကြကြောင်း နောင်တရားမှ ဒေသခံတစ်ဦးက ဆိုသည်။

“တခြားနေရာမှာ တစ်ထောင်ကျော် နှစ်ထောင်လောက်ပဲ ပေးရတယ်။ တောင်ကြီး အထက (၂) မှာဆိုရင် နှစ်ထောင်ပဲ ပေးရတယ်။ နောင်တရားမှာကြတော့ နှစ်သောင်း တောင်ပေးရတော့ စိုက်ပျိုးရေးအဆင်မပြေလို့ ငွေကြေး မတတ်နိုင်တဲ့မိသားစုတချို့ဆိုရင် ကျောင်းမအပ်နိုင် တော့ဘူး။ ပိုက်ဆံအပြည့်ယူမလာတဲ့တချို့လူတွေဆိုရင်လည်း ဒီတိုင်းပဲ ပြန်သွားရတယ်”

လွန်ခဲ့သည့် ဇွန်လကုန်ပိုင်းမှ စတင်အပ်နှံကြပြီး၊ ရပ်ဝေးမှ လာကြသည့် ကျောင်းသူ ကျောင်းသားတချို့မှာ ခုချိန်ထိ လာရောက်အပ်နှံနေဆဲ ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ရာသီဥတုမကောင်းမှုကြောင့် စိုက်ပျိုးရေးကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကလုပ်ကိုင်ကြသည့် ခြံယာလယ်သမားအများစုမှာ စီးပွားရေး စားဝတ်နေရေး အခက်အခဲများ ရှိလာကြ၍ မိမိတို့သားသမီး ကလေးငယ်များ၏ ပညာရေးကိုလည်း ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်။

No comments:

Post a Comment

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။