ပအိုဝ်းပြည်သူဘ၀ဖွံ့ဖြိုးရေးအတွက် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်းဟု PNO ဆို

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
မေလ (၂၅)၊ ၂၀၁၀

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ပအိုဝ်းပြည်သူလူထုများ၏ လူနေမှုဘ၀အခြေအနေ မြင့်တင်ရန်နှင့် ပအိုဝ်းဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကျင်းပမည့်နေ့ရက် မသတ်မှတ်ရသေးသည့် ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။



ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရန် လျှောက်ထားစဉ်တွင် မိမိတို့၏ဦးတည်ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးနေထိုင်သည့် လူဦးရေ ၇၀၀၀၀၀ (၇ သိန်း) ခန့်ရှိ ပအိုဝ်းပြည်သူလူထုများအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ပအိုဝ်းပြည်သူလူထု၏ အခွင့်အရေးများကို ကာကွယ်သွားရန်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ခွန်စံလွင်မှ မြန်မာတိုင်း(မ်)သို့ ပြောသည်။

၎င်းမှ “ကျနော်တို့က ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးတည်သွားမှာဖြစ်တယ်။ ပအိုဝ်းပြည်သူလူထုဘ၀အခြေအနေ တိုးတက်မြင့်တင်ရန်အတွက် ဒီလမ်း(ရွေးကောက်ပွဲ ၀င်ပြိုင်ရန်) ကို ရွေးချယ်လိုက်တာပါ” ဟု ဆိုသည်။

PNO သည် ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန်အတွက် ၂၀၁၀ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် ကန့်ကွက်သူမရှိဆုံးဖြတ်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ နိုင်ငံရေးပါတီမှတ်ပုံတင် လျှောက်ခဲ့သည်။ ထို့နောက် ၂၀၁၀ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုခဲ့သည်။

ယခုချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် နအဖစစ်အစိုးရမှ ပြုလုပ်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို မိမိတို့ပါဝင် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များတွင် အနိုင်ရရှိရေးအတွက် စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အခုစည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေတယ်။ အဲဒီအတွက် လူတွေရွေးနေတယ်။ ကျနော်လည်းပါတာပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူထုအပြောနဲ့ဗျာ ကျနော်လည်းအကုန်မသိသေးဘူး။ အဲဒါကြောင့် ဖွဲ့စည်းပုံစာအုပ်ကို ပြန်ကြည့်နေတယ်။ လူထုတွေကို ရှင်းပြနိုင်အောင်လို့။”
ဟု အမည်မဖေါ်လိုသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီဝင်တစ်ဦးက ပြောသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၁၉၇၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး၊ ၁၉၉၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် န၀တ (လက်ရှိ နအဖ) စစ်အစိုးအရနှင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု ရယူခဲ့သည်။ အပစ်အခတ်ရပ်ဆဲရေးသဘောတူညီမှုပြုလုပ်ပြီး နအဖစစ်အစိုးရမှ ရှမ်းပြည်တောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထူးဒေသ (၆) ကို နေထိုင်အုပ်ချုပ်ခွင့်ပေးလိုက်သည်။

ပအိုဝ်းလူမျိုးများသည် ရှမ်းပြည်နယ်အတွင်းတွင် ဒုတိယလူဦးရေအများဆုံးဖြစ်ပြီး၊ မွန်ပြည်နည်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်၊ ပဲခူးတိုင်းနှင့် အခြားသောနေရာများတွင်လည်း အများအပြားနေထိုင်လျက်ရှိသည်။

No comments:

Post a Comment

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။