တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
မေလ (၂၄)၊ ၂၀၁၀
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်တကြိမ်နှင့် ယခု ၂၀၁၀ ခုနှစ် နှစ်ဦးပိုင်းတွင် တကြိမ် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အစိုးရမှ လိုင်းဖုန်းများ တွယ်တန်းတပ်ဆင်ပေးကြောင်း သိရသည်။
ယင်းလိုင်းဖုန်းများတပ်ဆင်ပေးရာတွင် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် တလိုင်းကို ကျပ်ငွေ ၈ သိန်း ပေးသွင်းရပြီး၊ ၂၀၁၀ နှစ်ဦးပိုင်းတကြိမ်တွင်မူ ကျပ်ငွေ ၁၀ သိန်းကျော် ပေးသွင်းရကြောင်း ဒေသခံတစ်ဦးမှ ဆိုသည်။
ဒေသခံပြည်သူလူထုများမှ အိမ်တွင်သော်လည်းကောင်း၊ အရောင်းဆိုင်တွင်သော် လည်းကောင်း လိုင်းဖုန်းများဝယ်ယူတပ်ဆင်ချင်ကြသော်လည်း ပေးသွင်းရမည့်ကုန်ကျငွေ လွန်စွာမြင့်ပြီး ၀ယ်ယူတပ်ဆင်နိုင်သည့်သူများ အလွန်နည်းပါးကြောင်း သိရသည်။
“ဖုန်းလိုင်းရဖို့ ၁၀ သိန်းလောက်တောင်ပေးရတယ်၊ ကျမတို့ကတော့ လိုချင်လဲ ဘယ်ပေးနိုင် မလဲ။ ကျမကြားသိသလောက်ဆို သူများတွေလဲ သိပ်မယူကြဘူး။ ဟော်တောင်ရွာ တစ်ရွာလုံးမှာ ၃ အိမ်လောက်ပဲ ၀ယ်တပ်နိုင်တယ်။ ကျမတို့ရပ်ကွက်မှာဆိုရင် တအိမ်မှ မ၀ယ်နိုင်ဘူး။” ဟု ဆီဆိုင်မြို့ ဒေသခံတစ်ဦးမှ တောင်ကြီးတိုင်းမ်သို့ ပြောသည်။
စစ်အစိုးရမှ ဤကဲ့သို့လိုင်းဖုန်းများ တပ်ဆင်ပေးရာတွင် ၂၀၁၀ ရွေးကောက်ပွဲ မဲအနိုင်ရရှိရေးအတွက် ပြည်သူလူထုကို ကြိုတင်မဲဆွယ်စည်းရုံးခြင်းသာ ဖြစ်ကြောင်း ဒေသခံများမှ ပြောဆိုနေကြသည်။
ဆီဆိုင်မြို့နယ်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ) မှ မဲအနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်သုံးခုအနက် တစ်ခုဖြစ်သည်။ ပအမဖ အနိုင်ရရှိခဲ့သည့် အခြားမဲဆန္ဒနယ် နှစ်ခုမှာ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့ဖြစ်သည်။
No comments:
Post a Comment
ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။