လွယ်လင်လေးကျေးရွာတွင် တစ်ဦးလျှင် ကြက်ဆူပင် ၁၂၀၀ ဒကစ အတင်းစိုက်ခိုင်း

သြဂုတ်လ ၇ ရက်၊ ၂၀၀၇ ခုနှစ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် ဒကစမှူး ညွန့်တင်မှ လွိုင်လင်လေး ကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စုတိုင်းတွင် တစ်ဦးလျှင် ကြက်ဆူပင် အပင်-၁၂၀၀ စိုက်ရမည် ဖြစ်ကြောင်း အမိန့် ထုတ်ပြန်လိုက်သည်ဟု ပြည်တွင်းသတင်း ပေးပို့ချက်အရ သိရသည်။
ယခုလို ဒကစမှူးက ကြက်ဆူပင်များကို မစိုက်မနေရ အတင်းစိုက်ခိုင်းသည့် အတွက် ရွာသားများ ကိုယ်တိုင် ကြက်ဆူပင်များကို သွားရောက် ရှာဖွေယူရပြီး ကိုယ့်ခြံဝင်းအတွင်း ပြန်လည် စိုက်ပျိုးရပါသည်။ အမိန့် ထုတ်ပြန်ချက်ထဲတွင် မွေးကင်းစ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှလွှဲ၍ ကျန်သူအားလုံး မစိုက်မနေရ အမိန့် ထုတ်ထားသည်ဟု သတင်းရရှိထားသည့် ကရင်နီ လူမှုဖူလုံရေးနှင့် ဖွင့်ဖြိုးရေးပင်မ အဖွဲ့ဝင် တဦးက ပြောပြသည်။

“လွယ်လင်လေး ကျေးရွာအုပ်စုမှာ လူတစ်ယောက် ကြက်ဆူပင်-၁၂၀၀ စိုက်ရမယ် သူပြောတယ်နော၊ အဲဒီမှာ ချွင်းချက်ပေးတာက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ချွင်းချက်ပေးတယ်၊ ကျန်တာ လုံးဝ မစိုက်မနေရလို့ အမိန့် ထုတ်ပြန်ခဲ့တယ်” ဟု ပြောသည်။

လွယ်လင်လေး ကျေးရွာအုပ်စုတွင် ပါဝင်သည့် ကျေးရွာများမှာ လွယ်လင်၊ ခုတ်လော၊ ကော်တနော၊ နောင်လုံ၊ အိုင်စိုင်း၊ ပိန်းချစ်၊ နန်းကစ်၊ အော့စနန်း၊ ပိုးဒေညား၊ ကျော်ကြီး၊ တောင်ဥ၊ ကုန်းစွတ်နှင့် နန်းဟူးစသည့် ကျေးရွာများ ဖြစ်သည်။

အချို့ရွာသားများလည်း ကြက်ဆူပင်များကို တနိုင်စိုက်ပျိုးခြံခင်းနှင့် တောင်ယာဘေးတွင် စိုက်ပျိုးနေရသလို ထိုသို့ ကြက်ဆူပင်များကိုသာ စိုက်ပျိုးနေရခြင်းကြောင့် ရွာသားများမှာ ၎င်းတို့စါးဝတ်နေရေး အတွက် လုပ်ကိုင်စားသောက်ရန် များစွာ အခက်ကြုံတွေ့ နေရသည်ဟု ပြောသည်။

ယမန်နှစ်မှစ၍ ကယားပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် ရှမ်းပြည်တောင်ပိုင်းတွင် တည်ရှိသော မောက်မယ်၊ ဖယ်ခုံ၊ ဆီဆိုင်ဒေသများနှင့် နယ်ဖက် ကျေးရွာဒေသများတွင်လည်း စစ်အစိုးရက ရွှေကြက်ဆူမြို့တော် အဖြစ် သတ်မှတ်ထားပြီး မြေကွက်လပ်ရှိသည့် နေရာတိုင်းတွင် ကြက်ဆူပင်များ စိုက်ပျိုးကြရသည်။

No comments:

Post a Comment

ဤသတင်း သို့မဟုတ် ဆောင်းပါး နှင့်စပ်လျဉ်း၍ သင်၏ သဘောထားအမြင်များကို ရေးသားတင်ပြနိုင်ပါသည်။